PSA (အသိပညာပေး)

ဂျိုင်ရိုကော်ပတာ အသုံးပြု တိုက်ခိုက်မှုအန္တရာယ်နဲ့ ကာကွယ်နိုင်မယ့် နည်းလမ်း

စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေကို စစ်အုပ်စုက လေကြောင်းလက်နက် မျိုးစုံ အသုံးပြုကာ တိုက်ခိုက် သတ်ဖြတ်နေပါတယ်။ အထူးသဖြင့် ခုခံတော်လှန်မှု အားကောင်းတဲ့ မြန်မာပြည် အလယ်ပိုင်း အညာဒေသကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သာမက တန်ဘိုးနည်း၊ စရိတ်သက်သာတဲ့ Paramotor (ပါရာမော်တာ) – စက်တပ်လေထီး၊ Gyrocopter (ဂျိုင်ရိုကော်ပတာ) – ရဟတ်ယာဉ်ငယ်တွေ အသုံးပြုပြီးတော့ပါ နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေတာပါ။

ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာဆိုတာက နိုင်ငံတကာမှာ စူးစမ်းလေ့လာရေးနဲ့ အပျော်စီးအဖြစ် အသုံးပြုကြတဲ့ လေကြောင်းကိရိယာတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ စစ်အုပ်စုက ၂၀၂၅ နှစ်ဆန်းပိုင်းက စလို့ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။

စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်တာကြောင့် လူအများအပြား အသက် သေဆုံးကြရသလို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်း အစရှိတဲ့ လူအများအပြား အသုံးပြု မီခိုနေတဲ့ အဆောက်အဦးတွေလည်း ပျက်စီးဆုံးရှုံးနေပါတယ်။

ဂျိုင်ရိုကော်ပတာ အသုံးပြုတိုက်ခိုက်မှု အန္တရာယ်နဲ့ တိုက်ခိုက်ခံရချိန် အသက်ဆုံးရှုံးမှု မရှိစေရေး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို MFP က စုစည်း ဖော်ပြထားပါတယ်။

ဂျိုင်ရိုကော်ပတာ (Gyrocopter) ဆိုတာ ဘာလဲ

ဂျိုင်ရိုကော်ပတာဆိုတာ ရဟတ်ယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ်ငယ် အမျိုးအစား ဖြစ်ပါတယ်။ အပေါ်ဘက် အလယ်တည့်တည့်မှာ ရဟတ်ယာဉ်တွေလို ပျံတက်စေတဲ့ ဒလက်ပန်ကာတစ်ခုနဲ့ နောက်ဘက် အမြီးပိုင်းမှာတော့ လေယာဉ်တွေလို ရှေ့ဘက်ကို ရွေ့လျားစေတဲ့ ဒလက်ပန်ကာ တစ်ခု ပါရှိပါတယ်။ ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးထက် ပိုမိုအသုံးပြုရ လွယ်ကူတာ၊ ပိုပြီး ဘေးကင်းတာ၊ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တာ၊ တိုက်ခိုက်ရေး လက်နက်ပစ္စည်း အများအပြား သယ်ဆောင်နိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

အဓိက သိရှိထားရမယ့် အချက်တွေ

ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးတွေထက် အသံပိုပြီး ဆူညံပါတယ်။

ဂျိုင်ရိုကော်ပတာဟာ စတင်ပျံတက်တဲ့ နေရာကနေ အကွာအဝေး (၆၂) မိုင် ဝန်းကျင်အထိ တစ်နာရီကို မိုင် (၆၀) အရှိန်နှုန်းနဲ့ ပျံသန်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။

အမျိုးအစားအလိုက် လူတစ်ဦးကနေ အများဆုံး သုံးဦးအထိ လိုက်ပါစီးနင်းနိုင်ကြပါတယ်။

ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးတွေထက် အလေးချိန် အများအပြား ပိုမို တင်ဆောင်နိုင်တာကြောင့် ၁၂၀ မမ မော်တာဗုံးသီးတွေအပြင် တခြား တိုက်ခိုက်ရေး လက်နက်၊ ဗုံးနဲ့ ဝေဟင်ကနေ မြေပြင်ပစ် လက်နက်ငယ်တွေပါ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

ဂျိုင်ရိုကော်ပတာဟာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေထက် ကုန်ကျစရိတ် သက်သာတာ၊ ပြုပြင်ထိန်းသိမ်းဖို့ လွယ်ကူတာ၊ ပျံတက်ဖို့ ပြေးလမ်းတိုသာ လိုအပ်တာ၊ တိုက်ခိုက်ရေး လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ လက်နက်ငယ်တွေကို တပ်ဆင်အသုံးပြုနိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

အသက်အန္တရာယ်က ကာကွယ်ဖို့ ဒါတွေကို လိုက်နာပါ

ဂျိုင်ရိုကော်ပတာ ပျံသန်းလာတဲ့ စက်အင်ဂျင်သံ၊ ဒလက်ပန်ကာသံ စတဲ့ အသံတွေ ကြားရပါက ပတ်ဝန်းကျင်အကို အထူး သတိပြုပါ။

ဂျိုင်ရိုကော်ပတာကို မြင်ပါက ဒါမှမဟုတ် စက်အင်ဂျင်သံနဲ့ ဒလက်ပန်ကာသံတွေ ကြားပါက ဒါမှမဟုတ် အန္တရာယ် သတိပေးချက် ရလျင်ရချင်း အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ပုန်းခိုပါ။

ကျေးရွာတွေ၊ လူထူထပ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံကဲ့သို့ အဆောက်အဦးတွေနဲ့ စစ်ရေး အခြေစိုက် စခန်းတွေကို ဦးတည် တိုက်ခိုက်နိုင်တာကြောင့် အဲ့ဒီလို နေရာတွေကို သတိပြု ရှောင်ရှားပါ။

လူအုပ်စုလိုက် တစ်နေရာတည်း စုဝေးပုန်းခိုတာမျိုး မလုပ်ပါနဲ့ ။ အတတ်နိုင်ဆုံး လူစုခွဲပြီး ပုန်းခိုပါ။

Ref- Aviation Safety Network, Military Information

Back to top button