စစ်ကိုင်းသတင်း

ကလေးနဲ့ တမူးနယ်က စစ်ရှောင် သုံးသောင်းနီးပါး ဆေးဝါးနဲ့အစားအသောက် အရေးပေါ်လိုအပ်နေ

ကိုသူ /MFP ၊ အောက်တိုဘာ – ၂၂

စစ်ကိုင်းတိုင်းတိုင်း၊ ကလေး -တမူး မြို့နယ်တွေမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုထိုးစစ်ဆင်လာတာကြောင့် တောတောင်အတွင်း တစ်ပတ်ကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၅၀ ကျော်က ဒေသခံ သုံးသောင်းခန့်ဟာ ဆေးဝါးနဲ့ အစားအသောက်အရေးပေါ်လို အပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် ကလေးမြို့နယ်အတွင်းက တည်ရှိတဲ့ နန်းဟံနွဲ့ ၊ကံကြီး ၊ကံသာယာ ၊နန်းစောင်းပု ၊မော်လိုက် ကလေး ရွာ သစ်၊၅၆ မိုင်၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ရန်မျိုးအောင်၊စော်ဘွားရေရှင် ၊ရာဇဂြိူလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပျဉ်းတောဦး၊ပြည်တော်သာ ၊မော်စီ ၊ပျဉ်းခုံကြီးနဲ့ တမူးမြို့နယ်အတွင်းက ဖက်ယားရေရှင် ၊ကျွန်းတော ရှေရှင် ၊ဘုတ်ကန် ၊ကနန် ၊ဝိတုတ် ၊ခမ်းပတ် ၊ရန်ငြိမ်းအောင် စတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံသုံးသောင်းခန့်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ တပတ်ကျော်တိမ်းရှောင်နေကြရတာကြောင့် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့စစ်ရှောင်အရေး အကူအညီပေးနေတဲ့ ကလေးမြို့ လူထုသပိတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကလေး -တမူး လမ်းတကြောလုံးနဲ့ ကလေးမြောက်ပိုင်း အကုန်စစ်ရှောင်ကြရတော့ ဒီတစ်ချိန်က လူအများဆုံးဖြစ်မယ်ဗျ ၊အရင် ရှောင်ရတာက တိုက်ပွဲ ဖြစ်တဲ့နေရာ အနီးက ရွာတွေ ရှောင်ကြရတာ ၊အခုက အဲ့လို မဟုတ်ဘူး ။အားလုံး ရှောင်ကြရတဲ့ အနေအထားပါ။ အခုက အများစုက ကိုယ်လွတ်ပြေးလာကြရတာ။ စားဖို့ ပန်းကန် ခွက်လဲ မပါလာဘူး။ ချက်ဖို့ ဆန်လဲ သယ်မလာနိုင်ဘူး ။အဲ့လို ဘာမှ သယ်မလာနိုင်တဲ့ မိသားစုက အခု မနက် စာရင်းရတာတောင် (၁၀၀) ကျော်ရှိတယ်။လုံးလုံးဘာမှ သယ်မလာနိုင်တဲ့ သူတွေပါတယ်။မိုးကာ၊တွေလိုတယ်။အိုးခွက် ပန်းကန်တွေလိုတယ်။ဆန်တွေလိုတယ် “

ထွက်ပြေးတိမ်းရှောင်နေရ သူတွေအထဲမှာတော့ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်သူ ၃၀၀၀ ကျော်ခန့်ပါဝင်တာကြောင့် ဆေးဝါးတွေလဲ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း စစ်အုပ်စုတပ်တွေက ကလေးမြို့နဲ့ မိုင် ၆၀ ခန့်ဝေးတဲ့ စော်ဘွားရှေရင်ကျေးရွာမှာ တပ်ဖြန့်ထားကာ ရာဇဂြိုလ်ကျေးရွာမှာကနေတဆင့် ကလေးမြို့ကို ဦးတည်စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ က တမူးကို မထိုးသေးခင် ကလေး အနောက်ဘက်ကို အရင်ထိုးနေတယ်”

ဒီလို စစ်ကြောင်းထိုးဝင်ရောက်ချိန် စစ်အုပ်စုတပ်တွေက လက်ပံချောင်းကျေးရွာက နေအိမ်တချို့ ကို မီးရှို့ ဖျက်စီးပြီးတော့ ညောင်ကုန်းကျေးရွာ ပျဉ်းတောဦးကျေးရွာအနီးက အဆောက်အဦး တချို့ကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ညောင်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညောင်းကုန်းက တံတားနားက အဆောက်အဦး မီးရှို့ သွားတယ်။လက်ပံချောင်းရွာကို ဝင်ပြီး မီးရှို့တယ်”

ဒါအပြင် ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စုတပ်တွေက နှစ်ရက်အတွင်း ရာဇဂြိုလ်ကျေးရွာက အမျိုးသား ၁၀ ဦးနဲ့ ခုံသာကျေးရွာက အမျိုးသား ရှစ်ဦး စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလေးမြို့နယ် အတွင်းမှာတော့ အာဏာသိမ်းလေးနှစ် ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၅၀၀ ကျော်နဲ့ စစ်အုပ်စု စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ဘာသာပေါင်းစုံ သာသနိကအဆောက်အဦး ၄၄ လုံး၊ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၄၄ ရွာ၊ နေအိမ်ပေါင်း ၆၂၅၀ လုံးရှိတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလတ်တွေမှာ တွေ့ရပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button