ကိုသူ /MFP ၊ အောက်တိုဘာ – ၂၂
မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးပေါ်ကို စစ်အုပ်စုတပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ ညှပ်ပိတ်ထိုးနေလို့ အောက်တိုဘာ ၂၂ ရက် ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကလေး-တမူး အာရှလမ်းမကြီးပေါ်ကို ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း တမူးမြို့ ပန်းသာကျေးရွာကနေ စစ်ကြောင်းတစ်ကြောင်း စစ်အုပ်စုတပ်တွေ ဝင်ရောက်လာပြီး ကလေးမြို့နဲ့ မိုင် ၆၀ ခန့်ဝေးတဲ့ စော်ဘွားရေရှင် ကျေးရွာအနီးနဲ့ တမူးမြို့ နဲ့ ၁၀ မိုင်ကျော်ခန့်ဝေးတဲ့ နန်းမွန်းတားကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကလေးက ထိုးတဲ့ စစ်ကြောင်းက စော်ဘွားနားမှာ တိုက်ပွဲ ဖြစ်နေတယ်။တမူးက စစ်ကြောင်းက တော့ နန်းမွန်းတား ရွာနားမှာ တိုက်ပွဲ ဖြစ်နေတယ်။အခု အနေထားက တော့ နှစ်ဘက် ညှပ်ပိတ်ထိုးနေသလို ဖြစ်နေတယ်”
တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကလေး-တမူး လမ်းမကြီးတလျှောက်မှာရှိတဲ့ တမူးမြို့နယ်က ခမ်းပတ်၊ဘုတ်ကန် ၊ကနန် ၊ကျွန်းတော ရှေရှင် ၊ဖက်ယား ရေရှင် ၊စော်ဘွား ၊ဝိတုတ်၊ရန်လင်းဖိုင် ၊ရန်မျိူးအောင် ၊နန်းမွန်းတား ကျေးရွာတွေနဲ့ ကလေးမြို့နယ်က ရာဇဂြိုလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပြည်တော်သာ ၊ပျဉ်းခုံကြီး ၊ပျဉ်းတောဦး ၊မောက်လင်း ၊လက်ပံချောင်း ၊နန်းစောင်းပု ၊ကံကြီး ၊ကံသာယာ ၊ ၅၆ မိုင် ၊ရန်မျိုးအောင်စတဲ့ ကျေးရွာပေါင်း ၅၀ ကျော်က တောတောင်အတွင်းနေထိုင်နေရကာ ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ကလေးမြို့ လူထုသပိတ် ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
“ကလေး -တမူး လမ်းတကြောလုံးနဲ့ ကလေးမြောက်ပိုင်း အကုန်စစ်ရှောင်ကြရတော့ ဒီတစ်ချိန်က လူအများဆုံးဖြစ်မယ်ဗျ ၊အရင် ရှောင်ရတာက တိုက်ပွဲ ဖြစ်တဲ့နေရာ အနီးက ရွာတွေ ရှောင်ကြရတာ ၊အခုက အဲ့လို မဟုတ်ဘူး ။အားလုံး ရှောင်ကြရတဲ့ အနေအထားပါ။အခုက အများစုက ကိုယ်လွတ်ပြေးလာကြရတာ ။စားဖို့ ပန်းကန် ခွက်လဲ မပါလာဘူး ။ချက်ဖို့ ဆန်လဲ သယ်မလာနိုင်ဘူး ။အဲ့လို ဘာမှ သယ်မလာနိုင်တဲ့ မိသားစုက အခု မနက် စာရင်းရတာတောင် (၁၀၀) ကျော်ရှိတယ်။လုံးလုံးဘာမှ သယ်မလာနိုင်တဲ့ သူတွေပါတယ်။မိုးကာ၊တွေလိုတယ်။အိုးခွက် ပန်းကန်တွေလိုတယ်။ဆန်တွေလိုတယ်”
ထွက်ပြေးတိမ်းရှောင်နေရ သူတွေအထဲမှာတော့ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်သူ ၃၀၀၀ ကျော်ခန့်ပါဝင်တာကြောင့် ဆေးဝါးတွေလဲ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းက ကလေးနဲ့တမူးမြို့နယ်မှာတော့ အာဏာသိမ်း လေးနှစ်ကျော်အတွင်း ကျေးရွာပေါင်း ၅၀ ကျော် မီးရှို့ ဖျက်ရှို့ ဖျက်ဆီးခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သောင်းကျော်ခန့် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



