MN/MFP ၊ အောက်တိုဘာ – ၂၂ ရက်
မန္တလေးတိုင်းထဲက မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့ နှစ်လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး အထိနာတဲ့ စစ်အုပ်စုက ကျေးရွာတွေကို နေ့စဉ် လေကြောင်းက ဗုံးကြဲပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် တစ်ပတ်အတွင်းမှာ ဒေသခံပြည်သူ လေးဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းပေါ် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အထိနာသွားခဲ့တာကြောင့် ညပိုင်းမှာ စက်တပ်လေထီးနဲ့ ကျေးရွာတွေကို ဗုံးလာကြဲသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မနေ့က မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က တိုက်ပွဲကတော့ သူတို့(စစ်အုပ်စု)ဘက်က အတော်လေး အထိနာသွားတယ်။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ ညကျတော့ စက်တပ်လေထီးနဲ့ နွားထိုးကြီးမြို့အနောက်ဖက်က ကန်ရွာကို အချိန် တစ်နာရီကြာတယ် ဗုံးလာကြဲသွားတာ။ အခု ဒီကနေ့လည်း လက်နက်ကြီးနဲ့ပစ်လိုက် လေကြောင်းက ဗုံးကြဲလိုက်နဲ့ ထပ်လုပ်နေတာ။ သူတို့(စစ်အုပ်စု)က မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို အပိုင်ယူချင်နေတာ”
မနေ့က မြင်းခြံ-နွားထိုးကြီး လမ်းပိုင်း တိုက်ပွဲသတင်း အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့ နှစ်လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက အခုလထဲမှာ ညောင်ပင်၊ ရွာကြီး၊ ကန်နှောင်းစတဲ့ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေသလို နွားထိုးကြီးမြို့နယ် အရှေ့ခြမ်းနဲ့ တောင်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေနဲ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး အထိနာတဲ့ စစ်အုပ်စုက ကျေးရွာတွေကို လေကြောင်းက နေ့စဉ် ဗုံးကြဲပစ်ခတ်နေတာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စု လေကြောင်းကနေ နွားထိုးကြီးနယ်ထဲက ကျေးရွာတွေကို ဗုံးကြဲခဲ့တာကြောင့် အောက်တိုဘာ ၁၅ ရက်ကနေ ၂၁ ရက်ထိ တစ်ပတ်အတွင်းမှာ ဒေသခံ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲမှာ စစ်အုပ်စုနဲ့ပျူတွေ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေသူတွေက ပြောပါတယ်။
“စစ်ဘေးရှောင်တွေကတော့ နှစ်လကျော် သုံးလနီးပါးရှိလာပြီ။ စစ်ကြောင်းက ပြည်သူတွေ တိမ်းရှောင်နေရတဲ့ နေရာနားနီးလာရင် စစ်ကြောင်းနဲ့ဝေးတဲ့ရွာတွေ ပြေးကြရတယ်။ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ပေါ့။ စစ်ရှောင်တွေအတွက်ကတော့ ထုံးစံအတိုင်းပါပဲ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနဲ့ အခု ဆောင်းရောက်တော့မှာဆိုတော့ စောင်တို့ အနွေးထည်တို့ လိုတာပေါ့”လို့ မြေပြင်မှာ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေစတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလထိ နှစ်လအတွင်းမှာ ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



