မန္တလေးသတင်း

ကျောက်ပန်းတောင်းမှာ ပျူစောထီး ဖွင့်ထားတဲ့ လောင်းကစားဝိုင်းအနီးက အိမ်တွေကို စစ်ဝတ်စုံနဲ့လူတွေက ဧည့်စာရင်းစစ်မယ်ဆိုပြီး ဓားပြတိုက်၊

ရွှေ၊ငွေ ကျပ်သိန်းရာချီ ပါသွားပြီး ကျောက်ပန်းတောင်းမြို့မှာဖောက်ထွင်းမှုတွေလည်း ဆက်တိုက်ဖြစ်နေ၊

ထင်လင်း/MFP၊ အောက်တိုဘာ – ၂၃

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မှာ အာဏာသိမ်း စစ်အုပ်စု လက်သပ်မွေးမြူထားတဲ့ ပျူစောထီး လက်နက်ကိုင်တွေက လောင်းကစားဝိုင်းတွေ ဖွင့်လှစ်လုပ်ကိုင်နေပြီး အဲ့ဒီ လောင်းကစားဝိုင်းတွေအနီးက နေအိမ်တွေ မကြာခဏ ဖောက်ထွင်းလုယက်ခံနေရကာအောက်တိုဘာ ၁၈ ရက်ကလည်း စစ်ဝတ်စုံနဲ့ ပျူစောထီး ယူနီးဖောင်း ဝတ်ထားသူတချို့က နေအိမ်တချို့ကို ဧည့်စာရင်းစစ်မယ်လို့ပြောဆိုကာ ရွှေ၊ငွေနဲ့ တန်ဘိုးရှိ ပစ္စည်းတွေ ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ်က နေအိမ်နှစ်လုံးကို စစ်ဝတ်စုံနဲ့ ပျူစောထီး ယူနီးဖောင်း ဝတ်ထားသူတချို့က အုတ်တံတိုင်းကျော်ဝင်ပြီး ဧည့်စာရင်းစစ်မယ်လို့ အကြောင်းပြကာ ဓားပြတိုက်သွားတာဖြစ်ပြီး ဓားပြတိုက်ခံရတဲ့ နေအိမ်တွေဟာ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေ ဦးဆောင်ဖွင့်ထားတဲ့ လောင်းကစားဝိုင်းရှိတဲ့နေရာနဲ့ သုံးလမ်းကျော်သာ ကွာတယ်လို့ ဆိုပါတယ်။

”အဓိကကတော့ ပျူတွေပဲ လုပ်ကြတာပေါ့နော်၊ မြို့ပေါ်ကတော့ (တော်လှန်ရေး) အဖွဲ့တွေက မရှိကြတော့ ပြည်သူ့စစ်တွေနဲ့ စစ်ခွေးတွေပဲ ရှိတာ၊ ပြည်သူ့စစ်တွေပေါ့နော်၊ အဓိကကတော့ ပသစတွေက ပေါ်တာဆွဲတာတွေမှာလည်း ကူညီတယ်၊ ထွေအုပ်ဝန်ထမ်းတွေရောပေါ့နော်၊ နောက်ပြီးတော့ ရွာတွေကိုလည်း သတင်းတွေပေးပြီးတော့ ရပ်ကျေး ထွေအုပ်တွေပေါ့နော်၊ အဲ့ဒီဟာတွေကနေ ရွာတွေကို ပေါ်တာဆွဲတာ လုပ်တယ်၊ရွာတွေကို သတင်းပေးပြီးတော့ စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်းတယ်ပေါ့နော်၊မြို့ပေါ်မှာရော ရွာတွေမှာရော လုပ်ကြတယ်၊ နောက်ပြီးတော့ ပိုက်ဆံတွေ လုခိုင်းတာပေါ့နော်၊ တချို့ တတ်နိုင်တဲ့လူကျ ပိုက်ဆံလုခိုင်းတယ်” လို့ ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၁၈ရက် ညပိုင်းက ကျောက်ပန်းတောင်းမြို့ပေါ်ရှိ နေအိမ်နှစ်အိမ်ကို ဧည့်စာရင်းစစ်မယ်လို့ ပြောဆို ဝင်ရောက်ပြီး ဓားပြတိုက်သွားသူတွေဟာ စစ်ဝတ်စုံနဲ့ ပျူစောထီး ဝတ်စုံ ဝတ်ဆင်ထားသူတွေ ဖြစ်တယ်လို့လည်း ဒေသတွင်း အခြေအနေတွေကို ဖော်ပြနေတဲ့ KPG Update News က ဆိုပါတယ်။

“ယမန်နေ့ ည ၁၂ ခွဲခန့်က ကျောက်ပန်းတောင်းမြို့နယ် ပြည်တော်သာရပ်ကွက် ဘလှကန်အနီး ဦး— သမီးအိမ်ကို လက်နက် အရှည်ကိုင်ထားသော လူ ခုနှစ်ဦးက ဓားမြဝင်တိုက်ပြီး ရွှေ ခုနှစ်ကျပ်သားနဲ့ ငွေသားအချို့ ပါသွားကြောင်း၊ သာယာအေးရပ်ကွက်နေ လက်သမားဆရာ ဦး— အိမ်ကို လက်နက် အတိုတစ်လက်၊ ဓားရှည်များကိုင်ဆောင်ကာ ဓားမြဝင်တိုက်သွားကြောင်း ငွေသားသိန်း ၃၀၀ ကျော်နှင့် လက်ဝတ်လက်စားများ ပါသွားကြောင်း သိရှိရပါတယ်။ ဓားမြတိုက်သူများသည် မျက်နှာကို ပုဝါများ စည်းထားပြီး အပေါ်ကိုယ်ထည်တွင် စောင်များ ခြုံထားကာ ပျူဝတ်စုံ ယူနီဖောင်းများ ဝတ်ထားကြောင်းလည်း သတင်းရရှိ (ပျူဝတ်စုံဆိုသည်မှာ ပျူစောထီးများ ဝတ်ဆင်သည့် ဝတ်စုံကို ဆိုလိုခြင်းဖြစ်သည်) ရိုးရိုးတံခါးလှပ်ခိုင်းပြီး ဝင်တာမျိုး မဟုတ်ဘဲ အုတ်တံတိုင်းကျော်ဝင်ပြီး ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဓားမြဝင်တိုက်သွားကြောင်း”လို့ KPG Update News က ဖော်ပြပါတယ်။

အဲ့ဒီ ပျူတွေ ဦးဆောင် ဖွင့်ထားတဲ့ လောင်းကစားဝိုင်းအနီးက နေအိမ်တွေ မကြာခဏ ဖောက်ထွင်းခ့နေရသလို လောင်းကစားဝိုင်းက ပြန်လာတဲ့ လူငယ်တွေလည်း အတင်းအဓမ္မဖမ်းဆီးခံရကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရတာ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

”အဲ့ဒီ ဓားပြတိုက်ခံရတဲ့အိမ်ရဲ့ သုံးလမ်းမြောက် ပုပ္ပါးဘက်ထွက်ရင် အဲ့လမ်းကြားက ဝင်ပြီး အနောက်ထဲ ဝင်လိုက်ရင် ပြည်သူ့စစ်တွေ ဦးဆောင်တဲ့ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဖဲဝိုင်း ရှိတယ်လေ၊ အဲ့ဝိုင်းမှာကျ မဖမ်းဘူး၊ အဲ့ဝိုင်းက ပြန်လာတဲ့ ကလေးတွေ အဖမ်းခံရတာဆိုလည်း မနည်းဘူး၊အများကြီးပဲ၊ အဲ့လိုပဲ မြို့ပေါ်မှာ စစ်တပ်နဲ့ အသိုင်းအဝိုင်းတွေက ဂျင်ဝိုင််း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း လောင်းကစားဝိုင်း ပေါင်းစုံ လုပ်တယ်၊ လုပ်ပြီးသွားရင် သူတို့က လောင်းကစားဝိုင်း လုပ်တဲ့နေရာကျ မဖမ်းဘူး၊ လောင်းကစားဝိုင်း လုပ်ပြီး ပြန်လာတဲ့အချိန်မှ ဖမ်းတာပေါ့၊ အဲ့လိုပေါ့” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ကျောက်ပန်းတောင်းမြို့အပါ် ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေထဲက တချို့ကို ဖမ်းဆီးထားပြီး စစ်အုပ်စုက သတင်း ဖြန့်ပြီး အသေးစိတ်ကိုတော့ မဖော်ပြပါဘူး။

ကျောက်ပန်းတောင်း၊ ညောင်ဦး စတဲ့ မြို့တွေနဲ့ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း စတဲ့ နယ်တွေမှာ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးနေတာ ဖြစ်ပြီး ဓားပြတိုက်၊ ဖောက်ထွင်းလုယက်တာတွေ ကျူးလွန်နေသလို အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်တာ၊ ပေးတာဆွဲတာ၊ ဆက်ကြေးကောက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ် စစ်ဝတ်စုံနဲ့ ပျူစောထီး ဝတ်စုံ ဝတ်ကာ ဧည့်စာရင်း စစ်မယ်ပြောပြီး ဓားပြတိုက်သူတွေထဲက တချို့ကို စစ်အုပ်စုက ဖမ်းဆီးထားသူနဲ့ သံသယရှိသူတွေ/Photo – စစ်အုပ်စု

Related Articles

Back to top button