ကိုသူ/MFP ၊အောက်တိုဘာ-၂၃
မြန်မာ -အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်းမွန်းတားကျေးရွာကို အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ် ချေမှုန်းတိုခိုက်ခံရပြီး နန်းမွန်းတားကျေးရွာကို ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တမူးမြို့နဲ့ခြောက်မိုင် အကွာမှာရှိတဲ့ ကလေး -တမူး (အာရှလမ်းမကြီး)ဘေးမှာတည်ရှိတဲ့ ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက အောက်တိုဘာ ၂၂ ရက်နေ့မှာ နန်းမွန်းတားကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် မနေ့ညပိုင်းမှာပဲ တော်လှန်ရေးအင်အားစုတွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အရင်က စစ်ဆိုင်ထားတဲ့ ရွာပေါ့၊ အဲ့ဒီနေရာက ခဏခဏ တိုက်ပွဲဖြစ်နေတဲ့ နေရာ နန်းမွန်းတားကို မနေ့ည အချိန်မှာ ပြန်ထိန်းချုပ် လိုက်နိုင်တာပါ။ ပန်းသာနဲ့က နှစ်မိုင်လောက်ဝေးတယ်”
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်သားတချို့ အသေအပျောက် ရှိပြီးတော့ လက်နက် တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFP အနေနဲ့သီးခြားအတည် မပြုနိုင်သေးပါဘူး။
တမူးမြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်တွေက ကလေး-တမူးကနေ စစ်ကြောင်းတစ်ကြောင်း၊ တမူးမြို့ ပန်းသားကျေးရွာကနေ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်နေတာ ဖြစ်ပြီးတော့ စစ်ကြောင်းနှစ်ကြောင်းအနက် တမူးမြို့အနီးက နန်းမွန်းတားကျေးရွာ စစ်အုပ်စုစစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ပန်းသာ ကျေးရွာကို ပြည်လည် ဆုတ်ခွာသွားပြီးတော့ ၊လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေသလို ကလေး မြို့ (ကလေး-တမူး ) လမ်းမကြီးကနေ ထိုးတဲ့ စစ်အုပ်စု စစ်ကြောင်းကတော့ စော်ဘွားရေရှင် ကျေးရွာအနီးမှာပဲရပ်တန့် နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စော်ဘွားကတော့ အခြေအနေ မထူးဘူး။ စစ်တပ်က တမူးဘက်ထဲ တိုးဝင်လာချင်တဲ့ ပုံစံပဲ”
စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့် ကလေး -တမူး လမ်းမကြီးဘေးကလေးမြို့နယ် အတွင်းမှာ တည်ရှိတဲ့ နန်းဟံနွဲ့ ၊ကံကြီး ၊ကံသာယာ ၊နန်းစောင်းပု ၊မော်လိုက် ကလေး ရွာ သစ်၊၅၆ မိုင်၊ကြံစက်ကုန်း ၊ကြက်ဖနက် ၊ရန်မျိုးအောင်၊စော်ဘွားရေရှင် ၊ရာဇဂြိူလ် ၊မြစိမ်း ၊မြလင်း ၊လက်ပံချောင်း ၊ပျဉ်းတောဦး၊ပြည်တော်သာ ၊မော်စီ ၊ပျဉ်းခုံကြီး ကျေးရွာတွေနဲ့ တမူးမြို့နယ် အတွင်းက ဖက်ယားရေရှင် ၊ကျွန်းတော ရှေရှင် ၊ဘုတ်ကန် ၊ကနန် ၊ဝိတုတ် ၊ခမ်းပတ် ၊ရန်ငြိမ်းအောင် စတဲ့ ကျေးရွာ က ဒေသခံ (၂၅၀၀၀) နှစ်သောင်း ငါးထောင်ကျော်တပတ်ကျော် တောတောင်အတွင်း တိမ်းရှောင်နေကြရတာ ကြောင့် ဆေးဝါးနဲ့ အစားအသောက်တွေ ပြတ်လပ်နေတယ်လို့ စစ်ရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



