နာတာရှည်ရောဂါသည်တွေ အပါအဝင် နားမကျန်းဖြစ်နေတဲ့ အကျဉ်းသား ၅၀ ကျော် ဆေးဝါးကုသခွင့် ဆုံးရှံးနေ
ကိုသူ/MFP ၊အောက်တိုဘာ-၂၃
စစ်ကိုင်းတိုင်း၊ ကလေး -တမူး လမ်းမကြီးပေါ်မှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်တွေက ကလေးမြို့ အကျဉ်းထောင်ကို လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာအတွင်းမှာ ကလေးမြို့နယ်အတွင်းက နန်းစောင်းပု ၊ကံကြီး ၊ကံသာယာ ၊ရာ ဇဂြိုဟ် ကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားပြီးချိန် ကလေးမြို့နဲ့ ၁၂မိုင်ကျော်ခန့် ကွာဝေးတဲ့ ကလေး-တမူးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကလေးအကျဉ်းထောင်ကို နှစ်လကျော်အကြာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲ ဖြစ်တဲ့ နေရာတွေနဲ့ ကလေးထောင်နဲ့က နီးနီးလေး နန်းစောင်းပု ရွာကိုထောင်ကို လှမ်းမြင်နေရတယ်၊အဲ့လို ရွာနား တိုက်ပွဲ ဖြစ်တာဆိုတော့ ထောင်ကိုလုံခြုံရေးတွေ အများကြီးချထားတာ “
လုံခြုံရေးတင်းကြပ် ထားတာကြောင့် ကလေးထောင်အတွင်း အကျဉ်းကျခံနေတဲ့ အကျဉ်းသားတွေ ဆေးဝါးကုသခွင့် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
အဲဒီအကျဉ်းသားတွေအထဲမှာ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောဂါသည်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းချိနဲ့သူတွေအပါအဝင် နာတာရှည်ရောဂါသည်တွေအပါအဝင် စုစုပေါင်း ၅၀ ကျော် ဆေးဝါးကုသခွင့် မရ ဖြစ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အခုကတော့ ဆေးဝါး ကုသခွင့် မရတာကတော့ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ဆေးကုမယ်ဆိုရင်တောင် တံစို့လက်ဆောင် ပေးမှရတော့ ပိုက်ဆံတွေ အများကြီးတောင်းတယ်။ နိူင်ကျဉ်းတွေက အခု အဖြစ်များတဲ့ ရောဂါက လမ်းလျှောက်နိုင်တာ ခန္ဓာကိုယ်အောက်ပိုင်းက သေးသွားတာ ထုံနာလို့ ခေါ်တယ်။ အဲ့ဒီလို ရောဂါတွေ ဖြစ်နေတယ်။ ပိုက်ဆံ မပေးရင်ကို မကုခိုင်းတော့တဲ့ အခြေ အနေ ဖြစ်နေတယ်”
လုံခြုံရေးတင်းကြပ်ထားတာအပြင် စစ်အုပ်စုလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာ အလုပ်ကြမ်း ခိုင်းစေတာနဲ့ တိုက်ပိတ် ရိုက်နှက်တာတွေ ရှိပြီးတော့ ဒဏ်ရာရသူတွေလဲ ရှိတယ်လို့ ထောင်ဝင်စာပို့ သူတွေကပြောပါတယ်။
“ပြီးခဲ့တဲ့ သုံးလကျော်က အသက် (၃၉) နှစ် ချစ်ဖူးဆိုရင် ဆေးကုသခွင့်မရလို့ ထောင်ထဲမှာဆုံးတယ်။ ပရဟိတသမားကို ကြည်ရအောင်လဲ ဆေးကုခွင့်မရလို့ ဆုံးတယ်။ အခုကတော့ ထောင်ပိုင်က ရိုက်လို့ ဒဏ်ရရတဲ့သူတွေ ရှိတယ်လို့ သိထားတယ်”
နိုင်ငံတဝန်းမှာ တော့ အာဏာသိမ်းပြီးနောက် စစ်အုပ်စုသတ်ဖြတ်လို့ သေဆုံးသူ ၇,၃၉၉ ဦး၊ ဖမ်းဆီး ထောင်ချခံရသူ ၂၉,၈၅၉ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင်ရေးအသင်း ( AAPP ) က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



