မန္တလေးသတင်းအညာမြေ တော်လှန်ရေး

နွားထိုးနဲ့ မလှိုင်မှာ ရက် ၂၀ ကျော်အတွင်း စစ်အုပ်စုနဲ့ တိုက်ပွဲ လေးကြိမ်ဖြစ်ပြီး သုံ့ပန်း၊ အလောင်း၊ လက်နက်နဲ့ ကားတွေ ရ၊

တော်လှန်ရေး ရဲဘော်တွေရဲ့ အသက်၊ သွေး၊ ချွေးတွေ ရင်းနှီးကာ စစ်အုပ်စုရဲ့ ထိုးစစ်ကို စစ်ဦးလန်သည်အထိ တွန်းလှန်နိုင်ခဲ့ဟု NPDF ထုတ်ပြန်၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၂၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ထဲ စက်တင်ဘာလကုန်ပိုင်းကနေ ယခု အောက်တိုဘာ လလယ်ပိုင်းအထိ ရက် ၂၀ ကျော်အတွင်း စစ်အုပ်စုနဲ့ တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့  မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း  – NPDF က သတင်း ထုတ်ပြန်ပါတယ်။

နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်ထဲ လေကြောင်းအားကိုးကာ ထိုးစစ်ဆင် လာတဲ့ စစ်အုပ်စုကို NPDF နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ခုခံကာကွယ်ခဲ့ပြီး စစ်အုပ်စုရဲ့ ထိုးစစ်ကို စစ်ဦးလန်သည်အထိ တိုက်ခိုက်တွန်းလှန်ခဲ့တယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ ၂၅ရက်မှ အောက်တိုဘာ ၁၂ရက်အထိ  မိမိတို့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့နှင့်အတူ ပူးပေါင်းအဖွဲ့များသည် စစ်ကော်မရှင်မှ လုပ်ဆောင်ခဲ့သော ထိုးစစ်အား အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး ခံစစ်အနေအထားမှ ထိုးစစ်အသွင်အပြင်သို့ မိမိတို့ရဲဘော်များမှ အသက် ၊ သွေး ၊ ချွေး များရင်းနှီးပြီး စစ်ဦးလှန်သည်အထိတွန်းလှန်ခဲ့သည်” လို့ NPDF က ဖော်ပြပါတယ်။

စက်တင်ဘာ ၂၅ရက် မွန်းလွဲ ၃နာရီက နွားထိုးကြီးမြို့နယ် ၊ ရန်ကင်းဘုရားကနေ မြိုင်သာကျေးရွာ ဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ပါ စစ်အုပ်စုနဲ့  မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း ၊ မြစ်သား (ပကဖ)နဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  တိုက်ပွဲအတွင်း စစ်အုပ်စု ဗိုလ်ကြီးအဆင့် အပါအဝင် ခုနှစ်ယောက် သေကာ အလောင်းတစ်လောင်းနဲ့ MA – 5 သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ NPDF က ဖော်ပြပါတယ်။

အောက်တိုဘာ ၁ရက်မှာလည်း နွားထိုးကြီးမြို့နယ် ၊ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး နွားထိုးကြီးမြို့နယ် ၊ ဒိုင်းလည်ရွာဘက် ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ ကျော်ပါ စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်တဲ့ မြစ်သား (ပကဖ) ၊ မြင်းခြံခရိုင် (Drone) တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ သွံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စု ဖရိုဖရဲဖြစ်သွားလို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ရာ စစ်အုပ်စု အထိနာ အသေများပြီး တပ်ပျက်ထွက်ပြေးတယ်လို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ပွဲကနေ သုံ့ပန်းလေးယောက်၊  ငါးကြင်းမှီး တစ်လက်၊ MA-11 သုံးလက်၊ G-3 နှစ်လက်၊ MA-1 တစ်လက်၊ M79 တစ်လက်၊ MA-5 နှစ်လက်၊ Drone  နှစ်စီး၊ jammer ကား တစ်စီး ၊ ကား သုံးစီးနဲ့ ကျည်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ NPDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၉ရက်မှာလည်း မလှိုင်မြို့နယ် ၊ နှောကန်ရွာကနေ မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာ ဘက် ဦးတည်စစ်ကြောင်းထိုးတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်အုပ်စုနဲ့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့ကြား ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၂ရက်အထိ တိုက်ပွဲ လေးရက်ဆက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြား သေကာ ကား သုံးစီး၊ လက်နက် ၂၀ ကျော်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်း ရရှိသလို စစ်သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ NPDF က ထုတ်ပြန်ပါတယ်။

“မိမိတို့တပ်ရင်းမှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး မလှိုင်မြို့နယ် ၊ တောင်သာမြို့နယ် တို့တွင် အမျိုးသမီး (၂၀)နှင့်အထက်အား အလိုမတူ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သော “ဗိုလ်မှူး ကျော်မင်း” အပါ စခ (၂၀)ဦးနှင့်အထက် သေဆုံးပြီး စခ ငါးဦး ဖမ်းဆီးရမိခဲ့သည်” လို့ NPDF က ဖော်ပြပါတယ်။

ဆက်လက်ပြီး အောက်တိုဘာ ၁၂ရက်မှာလည်း မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ပါ စစ်အုပ်စုနဲ့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စု အထိနာအသေများလို့ မလှိုင်မြို့နယ် ၊ နှောကန်ရဲစခန်းက စစ်အုပ်စုကို စစ်ကူခေါ်ခဲ့ပြီး အဲ့ဒီ စစ်ကူလာတဲ့ စစ်အုပ်စုကိုပါ  မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့နှင့်အတူ မဟာမိတအဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ နွားထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ)တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု  အသေအပျောက်များပြီး ၆၀မမ ပြောင်းတို အပါအဝင် လက်နက် ၁၀ လက် သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ နွားထိုးကြီးနဲ့ မလှိုင်နယ် တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းအလွန်အကျွံ အသုံးပြုခဲ့တယ်လို့လည်း NPDF က ဆိုပါတယ်။

“စစ်ကော်မရှင် ထိုးစစ်တွင် လေကြောင်းအား အလွန်အကျွံသုံံးခဲ့သည်ကိုလည်း မိဘပြည်သူများ သိရှိခဲ့ရပြီးလည်း ဖြစ်တယ်။ ဆက်လက်ပြီးလည်း မိမိတို့ တပ်ရင်းတပ်ဖွဲ့မှ တော်လှန်ရေး အရွေ့တစ်ခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာဦးမည် ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် တော်လှန် တွန်းလှန် လိုစိတ်တွေ မတွန့်ဆုတ်ဘဲ၊ ဘုံရန်သူအား မမေ့မလျော့ဘဲ ကျွန်တော်တို့နှင့်အတူ တော်လှန်ရေးမှာ အလေးဆုံးနိုင်တဲ့ တာဝန်ကို ထမ်းပြီး  ပြည်သူ နှင့် တော်လှန်ရေးရဲဘော် ၊ တော်လှန်ရေးရဲဘော် နှင့် ပြည်သူ လက်တွဲမဖြုတ်ဘဲ စည်းလုံးညီညွတ်စွာ တော်လှန်ရေးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားစေလိုပါတယ်ခင်ဗျာ” လို့ NPDF က တိုက်တွန်းထားပါတယ်။

နွားထိုးကြီးနဲ့ မလှိုင်နယ် အပါအဝင် မြင်းခြံနယ်ထဲ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်သပ်မွေးမြူထားတဲ့ ပျူစောထီးတွေ ပူးပေါင်းကာ ရွာစဉ်ပတ်မွှေပြီး ရွာမီးရှို့၊ လူသတ်၊ လုယက်ကာ နယ်မြေပြန်လည် စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Photo – မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း – မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း – NPDF

Related Articles

Back to top button