စစ်ကိုင်းသတင်း

တရုတ်ကြေးနီစက်ရုံ လက်နက်ကြီး ထုခံရပြီး စက်ရုံထဲကလည်း ပြန်လည် ရမ်းကားပစ်ခတ်၊

ကြေးနီစက်ရုံဂိတ်အစောင့် စစ်အုပ်စုပါ အပြင်ထွက်ပြီး စစ်ကြောင်းထိုးလာ၊

ဘဦး/MFP၊ အောက်တိုဘာ – ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ဝမ်ဘောင်ကြေးနီစက်ရုံ မနေ့က ညပိုင်း လက်နက်ကြီးနဲ့ ထုခံရပြီး စက်ရုံထဲကနေလည်း စိတ်ထင်ရာ နေရာတွေကို ပြန်လည် ရမ်းကား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၂၃ရက် ည ၉နာရီဝန်းကျင်မှာ တရုတ် ဝမ်ဘောင် ကြေးနီစက်ရုံထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲသံ သုံးချက်ထက်မနည်း ကြားရပြီး ထရန်စမော်မာပေါက်ကွဲသံတွေလည်း ကြားရသလို စက်ရုံထဲကနေလည်း ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ငါးချက်ထက်မနည်း ပြန်လည် ပစ်ခတ်တယ်လို့ ဆိုပါတယ်။

တရုတ် ဝမ်ဘောင်စက်ရုံအနီးရှိ ဆားလင်းကြီးနယ် တုံရွာနဲ့ တောကျောင်းရွာတွေပေါ်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ကြီး မီးလုံးတွေ ရှစ်ချက်၊ ကိုးချက်ခန့် ပျံဝဲနေတာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“တော်လှန်ရေူဘက်က ပစ်တာက သုံးလုံးလောက်ကတော့ စက်ရုံထဲ ကျတယ်တဲ့။ ထရန်စမော်မာ ပေါက်ကွဲတာ ဖြစ်မယ်၊ အဲ့ဒီအသံလည်း တော်တော် ကျယ်ကျယ် ကြားရတယ်တဲ့။ ဟိုဘက် (တရုတ်နဲ့စစ်အုပ်စု)ကလည်း လေး၊ငါးချက် ပြန်ပစ်တယ်”

အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ထိခိုက်မှု အခြေအနေကို MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။

တရုတ်ကြေးနီစက်ရုံ လက်နက်ကြီး ထုခံရပြီးနောက် ဒီကနေ့ အောက်တိုဘာ ၂၄ရက် မနက်ပိုင်းမှာ စက်ရုံဂိတ်အစောင့် စစ်အုပ်စုတွေ စက်ရုံထဲက ထွက်လာပြီး ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုနဲ့ သွားရောက် ပူးပေါင်းကာ ဒေသတွင်း ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ရက်က စလို့ မုံရွာဘက်ကလာတဲ့ စစ်အုပ်စုဟာ ဆားလင်းကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဒေသခံတွေကို ဖမ်းဆီးနေတာ ဖြစ်ပြီး ဒီမနက်ပိုင်း တရုတ်ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ အဲ့ဒီ စစ်ကြောင်းနဲ့ သွားရောက် ပူးပေါင်းပြီးနောက် လက်ရှိမှာ ဆည်တဲရွာသစ်အနီး၊ ဆားလင်းကြိိး-ညောင်ပင်ကြီး လမ်းပိုင်းကတဆင့် ဝမ်ဘောင်ကုမ္မဏီရဲ့ အရှေ့ဘက်ခြမ်းကို အင်အား ၁၀၀ ခန့်၊ အနောက်ဘက်ခြမ်း ဖောင်းကားအလယ်ရွာဘက်ကို အင်အား ၁၀၀ ခန့် နှစ်ဖွဲ့ခွဲ မွှေနေတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးတာတော့ ခုနှစ်ရက်ရှိပြီ၊ ဝမ်ဘောင်ထဲကို ဝင်လိုက်ထွက်လိုက်ပါပဲ၊ ဒီမနက် စစ်ကြောင်းနှစ်ကြောင်း ထပ်ထွက်တာက မနေ့ညက ဝမ်ဘောင်ကို လက်နက်ကြီးနဲ့ ထုခံရလို့ဖြစ်နိုင်တယ်၊ စစ်ကြောင်းကူထိုးတာလည်း ဖြစ်နိုင်တယ်”လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဆားလင်းကြီးမြို့နယ် ကျေးရွာ ၂၀ ခန့်က သောင်းချီတဲ့ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ရက်သတ္တတစ်ပါတ်ကြာ ရှိလာပြီး ဒီနေ့ မနက်ပိုင်း တရုတ်စက်ရုံဂိတ်အစောင့် စစ်အုပ်စုပါ အင်အားဖြည့် စစ်ကြောင်းထိုးလာလို့ ဖောင်းကား မြောက်ရွာ၊အလယ်ရွာနဲ့ တောင်ရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ အလယ်ရွာနဲ့ တောင်ရွာ၊ စုစုပေါင်း ကျေးရွာ ခြောက်ရွာက ပြည်သူတွေ ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲက စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်က ကြေးနီတူးနေပြီး အဲ့ဒီ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေကို စစ်အုပ်စုက ဂိတ်စောင့် လုံခြုံရေးယူပေးထားကာ တူးဖော်ထွက်ရှိလာတဲ့ ကြေးနီတွေကိုလည်း စစ်သင်္ဘောတွေ သုံးကာ မြစ်ကြောင်းကတဆင့် သယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းနဲ့ ယခု လဆန်းပိုင်းမှာလည်း တရုတ်ကြေးနီစက်ရုံတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ စက်ရုံလည်ပတ်မှုတွေ ခေတ္တရပ်နားခဲ့ရကာ လက်ရှိမှာတော့ တရုတ်ကြေးနီစက်ရုံ အနီးက ကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဒေသခံတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဆားလင်းကြီးနယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကြေးနီစက်ရုံတွေနဲ့ ကြေးနီတွေကို စစ်အုပ်စုက သင်္ဘောနဲ့ သယ်ထုတ်ပေးနေစဉ်/Photo – CJ၊ ချင်းတွင်းမြစ်ဘေးကျေးရွာများသပိတ်၊ တရုတ်ကြေးနီစက်ရုံ

Related Articles

Back to top button