ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၂၈
စစ်ကိုင်းတိုင်း ကသာခရိုင်က ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က မြို့ရဲ့ အနောက်ဘက် သုံးမိုင်ခန့် အကွာမှာရှိတဲ့ စက်တောနဲ့ ခမိုးရွာတွေနှစ်ရွာမှာ အထိုင်စခန်းချထားတယ်လို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
SNA တပ်ဟာ မြို့ရဲ့ အနောက်ဘက် သုံးမိုင်ခွဲခန့်မှာရှိတဲ့ စက်တောရွာနဲ့ မြို့ရဲ့မြောက်ဘက် ခမိုးရွာတို့မှာ အထိုင်စခန်းချထားတာ ဖြစ်ပါတယ်။
စက်တောရွာ အထိုင်စခန်းမှာ ၁၂၀-မမ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး အဲဒီလက်နက်ကြီးနဲ့ ဗန်းမောက်မြို့ထဲကို ပစ်ခတ်တာတွေကြောင့် နေအိမ်နဲ့ အဆောက်အဦးတွေ မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြင်ကနေလည်း ထိုးစစ်ဆင်လာတာမျိုးရှိသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေပါ စစ်အုပ်စုက လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စက်တောရွာနဲ့ ခမိုးရွာမှာပဲရှိတာ။ မြို့အစပ်ကာခင်းတွေကိုတော့ လာလာပစ်တယ်။ သေရင် အလောင်းမကောက်ဘူး သေနတ်တွေပဲ ယူသွားတာ။ အပုတ်နံ့တွေနံလို့ မီးပါရှို့ပေးနေရတယ်။ SNA အလောင်းပုံတွေကိုတော့ မပြတော့ပါဘူး”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်က တော်လှန်ရေးအဖွဲ့တွေ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ ဗန်းမောက်မြို့ကို ပြန်လည်ရယူဖို့ ပြင်ဆင်နေတဲ့ SNA အနေနဲ့ မြို့ထဲကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့တော့ အလှမ်းဝေးနေသေးတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စက်တောရွာကနေ ဗန်းမောက်မြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရဲစခန်းမီးလောင်သွားပြီး ၂၇ ရက်မှလည်း နားယကာရွာကို SNA က ဝင်ရောက်မီးရှို့သွားတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“၂၆ ရက်နေ့တုန်းကတော့ ရဲစခန်း လက်နက်ကြီးနဲ့ မီးလောင်ဗုံးသီး တွေကြောင့်ပါ။ ပြည်သူအိမ်တွေတော့ အထိအခိုက်မရှိပါဘူး။ ၂၇ ရက်နေ့ကတော့မနက်ကို ဖိုက်တာလာပြီး မြစ်သေးချင်း ရွာကို ဗုံးကြဲသွားပါတယ်။ လူနေအိမ်နှစ်လုံးပျက်စီးသွားပါတယ်။ အထိအခိုက် တော့မရှိပါဘူး။ ၂၇ ရက်နေ့ဘဲ နေ့လည်ပိုင်းကို နားယကာကျေးရွာနဲ့ ဗန်းမောက်မြို့ကြားက ပြည်သူအိမ်၁လုံးမီးရှို့သွားပါတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်မှာ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် SNA တပ်ဖွဲ့တွေအနေနဲ့ ဗန်းမောက်မြို့နယ် အနောက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မကြာခင်မှာဘဲ ဗန်းမောက်မြို့နားကို ကပ်ဖို့ကြိုးစားလာတာ ဖြစ်ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ ဗန်းမောက်မြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် SNA တပ်ကလည်း မြေပြင်ကနေ စစ်ကြောင်းထိုး ထိုးစစ်ဆင်တာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံကာကွယ်မှုကြောင့် မြို့အနားကို မကပ်နိုင်သေးဘဲ စစ်ကြောင်းတွေ နောက်ပြန်ဆုတ်နေရတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



