မယ်ပ/MFP၊အောက်တိုဘာ-၂၉
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို လက်လွှတ်ပြီး အပစ်အခတ်ရပ်စဲခဲ့ကြောင်း TNLAသတင်းနဲ့ပြန်ကြားရေးက ဒီနေ့ထုတ်ပြန်ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးဦး(PSLF/TNLA)က စစ်အုပ်စုနဲ့ ၉ ကြိမ်မြောက်တွေ့ဆုံပွဲခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ကြောင်း ထုတ်ပြန်လိုက်တာပါ။
တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာလ ၂၇ရက်နဲ့ ၂၈မှာ ရက်တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၂၉ရက်ကစတင်ပြီး အပစ်အခတ်ရပ်စဲလိုက်ကြောင်း သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
” တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တိုမှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (၀၀း၀၀)နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။”
အဲဒီတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်အုပ်စုလက်အောက်ခံ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ဟာ တွေ့ဆုံ သဘောတူခဲ့တာပါ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



