စစ်ကိုင်းသတင်း

ဆားလင်းကြီး တရုတ်ကြေးနီစက်ရုံအနီး စစ်ကြောင်း ပြန်ခေါက်သွားပြီအထင်နဲ့ ရွာပြန်ကပ်တဲ့ စစ်ရှောင်တွေ စစ်အုပ်စုနဲ့ တွေ့လို့ ရွှေထည်ပစ္စည်းတွေ ချွတ်ပေးခဲ့ရ၊

ဘဦး/MFP၊ အောက်တိုဘာ – ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစက်ရုံတွေအနီး စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေ နောက်ပြန်ခေါက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ဖို့ ကြိုးစားတဲ့ စစ်ရှောင်ပြည်သူတွေ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးလို့ ပါလာသမျှ ရွှေနဲ့ငွေတွေ ချွတ်ပေးခဲ့ရကာ မသတ်အောင် ရှိခိုးတောင်းပန်းပြီး ပြန်ပြေးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဆားလင်းကြီးနယ် ဝမ်ပေါင်နဲ့ ယန်စီ တရုတ်ကြေးနီစက်ရုံတွေအနီး မင်းအောင်လျိုင် သစ္စာခံ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်နေလို့ ဒေသတွင်း ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ၁၀ရက်ကျော်ကြာပြီ ဖြစ်ပြီး အောက်တိုဘာ ၃၀ရက် ဒီကနေ့ မနက်ပိုင်း စစ်ကြောင်း နောက်ပြန်ခေါက်သွားပြီ အထင်နဲ့ ရွာဘက်ပြန်သွားချိန် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက စစ်ကြောင်းမရှိခိုက် ရွာထဲ​ပြန်ဝင်ဖို့ ကြိုးစားချိန် တရုတ် ဝမ်ပေါင် ကုမ္မဏီအတွင်းက ပြန်ထွက်လာတဲ့ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ကာ ဖမ်းဆီးခံရတာ ဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ နားဆွဲ၊ လက်စွပ် စတဲ့ ပါလာသမျှ ရွှေ၊ငွေ၊ လက်ဝတ်လက်စားတွေ ချွတ်ပေးခဲ့ရတာလို့ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်ရတာကြာတော့ စစ်ကြောင်း အလစ်ဆိုပြီး ကိုယ့်ရွာကို ပြန်ဝင်ပြီး လိုအပ်တဲ့ ပစ္စည်း ဝင်ယူကြတာ၊ ပက်ပင်းတိုးတော့ လက်စွပ်၊ နားကပ်တွေ ပါတဲ့ အမျိုးသမီးတွေ ချွတ်ပေးခဲ့ကြရတယ်”

တရုတ်ကြေးနီစက်ရုံအနီး ဝက်မှေး၊ ကံတောနဲ့ ပလောင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားတွေကို စစ်အုပ်စုက ချွတ်ယူလုယက်တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၈ရက်က စလို့ ဆားလင်းကြီးနယ်၊ တရုတ်ကြေးနီစက်ရုံအနီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို ကျေးရွာတွေကို စီးနင်းဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေကို ခိုးယူပြီး တရုတ်ဝမ်ပေါင်ကုမ္မဏီဝင်းထဲ သယ်ပို့လိုက်၊ တကျော့ပြန် စစ်ကြောင်းထိုးလိုက် လုပ်နေတာလို့ ​ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဆားလင်းကြီးနယ်ရှိ လက်ပံတောင်း၊ ရွှေလှေ၊ ပလောင်၊ ကူးတို့ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ ဝှက်မှေး၊ ကံတော၊ ဇီးတော၊ ဆည်တဲ၊ သဲကောကြီး၊ လယ်တီ၊ တုံ၊ တောကျောင်း၊ ဖောင်းကတာ၊ ထန်းတောကြီး၊ မိုးကြိုးပြင် အလယ်ရွာ၊ တောင်ရွာနဲ့ မြောက်ရွာ၊ ဖောင်းကား အလယ်ရွာ၊ တောင်ရွာနဲ့ မြောက်ရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ရက် ကြာရှည်လာလို့ နာမကျန်းသူ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သလို အမျိုးသမီး အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲက စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင်တွေကို ဖြိုကာ တရုတ်က ကြေးနီတူးနေပြီး အဲ့ဒီ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေကို စစ်အုပ်စုက ဂိတ်စောင့် လုံခြုံရေးယူပေးထားကာ တူးဖော်ထွက်ရှိလာတဲ့ ကြေးနီတွေကိုလည်း စစ်သင်္ဘောတွေ အသုံးပြုပြီး မြစ်ကြောင်းကတဆင့် သယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံအနီး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်နေလို့ ထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ/Photo – မောင်ဘဦး/MFP

Related Articles

Back to top button