MN/MFP ၊ နိုဝင်ဘာ – ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁ ရက် ဒီနေ့ကနေ ၄ ရက်နေ့အထိ လေးရက်ကြာ ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးမှာဖြစ်သလို လာရောက်လည်ပတ်မဲ့ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ်စုဆောင်းဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ မြို့ခံတွေက MFP ကိုပြောပါတယ်။
တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲအဖြစ် စစ်အုပ်စုလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရက နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့(တန်ဆောင်မုန်းလပြည့်)အထိ ရွှေလိမ္မော်ကျွန်းမှာ ဖျော်ဖြေရေးပွဲတွေထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ ပွဲတော်ကာလတွေမဟုတ်တဲ့ သာမန်နေ့ရက်တွေမှာ စစ်အုပ်စုက နေ့စဉ် လူငယ် ငါးဦးထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီးနေသလို လူငယ်တွေအများဆုံး လာရောက်ပျော်ပါးတဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ပေါ်တာဆွဲဖို့အတွက် အရပ်ဝတ်တွေနဲ့ စစ်အုပ်စုက ကင်းပတ်နေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ပုံမှန်ဆိုရင် မြို့ပေါ်မှာက အိမ်စီးကားတွေနဲ့ ပတ်ပြီးတော့ သူတို့(စစ်အုပ်စု)ဆွဲနေတာ။ တနေ့ကို ငါးဦးမကဘူး ဆွဲတာ။ ရှောင်နိုင်ရင်တော့ လွတ်တာပေါ့။ အခု တန်ဆောင်တိုင်ပွဲက ခါတိုင်းလုပ်နေကျဖြစ်တဲ့ ပြည်သူ့ဥယျာဉ်ထက် စည်ကားအောင်လုပ်မယ်လို့ သိရတယ်။ လာတဲ့လူငယ်တွေကို ပေါ်တာဆွဲမယ်။ သူတို့ စစ်မှုထမ်းဖို့ လူအင်အားက အရမ်းလိုအပ်နေတာလေ”
ဒါ့အပြင် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အများစု မြို့ပေါ်ကနေ ရှောင်တိမ်းသွားကြပေမဲ့ စစ်အုပ်စုနဲ့နီးစပ်သူတွေနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူငယ်အများစုကတော့ မြို့ပေါ်မှာ ကျန်ရှိနေသေးတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
“အများစုက အပြင်ကို မထွက်ရဲကြဘူး။ အလုပ်ရှိတဲ့နေ့ဆိုရင် စောစောသွား စောစောပြန်ပဲ။ ပုံမှန်ဆိုရင်ကို မုံရွာမြို့ပေါ်မှာက ရပ်ကွက်တွေထဲပါမကျန် ပေါ်တာလိုက်ဆွဲနေတာ။ အခုလို ပျော်ပွဲရွှင်ပွဲတွေမှာဆိုရင် ပိုဆိုးတာပေါ့။ သီတင်းကျွတ်လပြည့် ဘုရားကြီးပွဲတုန်းကလည်း လူငယ်တွေ ပေါ်တာဆွဲခံရတယ်။ အခုလည်း တန်ဆောင်တိုင်ပွဲလုပ်ပြီးတော့ ဆွဲဦးမှာပဲ။ မကြောက်တဲ့သူတွေ ပွဲကြိုက်တဲ့သူတွေကတော့ သွားကြမှာ”လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စု ဦးဆောင်ကျင်းပသွားမဲ့ တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းကစပြီး မြို့တွင်းမှာ စစ်အုပ်စုလက်အောက်ခံ Non CDM ဝန်ထမ်းတွေပါတဲ့ စုပေါင်းဘုံကထိန်ပွဲ ပဒေသာလှည့်တဲ့ပွဲ ကျင်းပမှာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မနက်ပိုင်းမှာ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင်လှူပွဲနဲ့ သံဃာအပါး ၁,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မုံရွာမြို့ပေါ်က ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ပြည်ထောင်စုရင်ပြင်ပေါ်မှာ စတုဒီသာကျွေးတာ၊ မီးပုံးပျံ အလုံးရေ ၅၀၀ နဲ့ မီးပုံးပျံအသေး ၂၀၀၀ လွှတ်တင်တာတွေအပြင် ကာ မီးရှူးမီးပန်း ပစ်ဖောက်ကာ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက မီးထွန်းပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့သလို ကျေးရွာတွေမှာ ပြုလုပ်နေတဲ့ ချောင်းဦးနယ်ထဲက မီးထွန်းပွဲတော်နဲ့ ဆီမီးသပိတ်ကို စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
သီတင်းကျွတ်လပြည့်ညက မုံရွာမြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲကျင်းပနေတဲ့ စစ်အုပ်စုနဲ့ ဒေသခံတွေကို တွေ့ရစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



