မန္တလေးသတင်း

စစ်အာဏာရှင်ကိုတစ်စိုက်မတ်မတ်ဆန့်ကျင်ခဲ့တဲ့မိုးကုတ်ရေပူဆရာတော်ပျံလွန်တော်မူ

နွေဦး/MFP၊နိုဝင်ဘာ -၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က ရေပူကျောင်းဆရာတော် ဦးဣန္ဒကဟာ အောက်တိုဘာလ ၃ ရက်ညနေ ၆နာရီကျော်မှာပဲ သူသီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှာ ပျံလွန်တော်မှုသွားတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

ရေပူဆရာတော်ဦးဣန္ဒကဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ခဲ့သူလည်း ဖြစ်သလို စစ်အုပ်စုက ဆန္ဒပြနေတဲ့ လူထုကို အကြမ်း ဖက်ဖြိုခွင်းရာမှာလည်း မပြုလုပ်ဖို့ လူထုဘက်က ရပ်တည်တောင်းဆိုခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လက မိုးကုတ်မြို့က လူထုဆန္ဒထုတ်ဖော်ပွဲမှာ စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးနေတာကို ရေပူဆရာတော်ကဝင်ရောက်တားဆီးခဲ့တာကြောင့် ပုဒ်မ၅၀၅(ခ)နဲ့ ထောင်သုံးနှစ်ကျော် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မန္တလေးတိုင်းက အိုးဘိုအကျဉ်းထောင်မှာ ခုနစ်လကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လွတ်မြောက်လာ​ကတည်းက လေဖြတ်ဝေဒနာနဲ့ အဆုတ်ရောဂါ ခံစားလာရတယ်လို့ အမည်မဖော်လိုတဲ့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“၂၀၂၁ ခုနှစ် ၁၀ လပိုင်း ၁၈ ရက်နေ့က အိုးဘိုထောင်ကနေ ပြန်လွတ်တယ်။ ပြန်ထွက်လာပြီး တစ်နှစ်ကျော်

လောက်ကတည်းက ကျန်းမာရေးက မကောင်းတော့တာ။ နောက်ပိုင်းတော့ မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်လာတော့ ရှောင်ရင်းတိမ်းရင်းနဲ့ လေဖြတ်သွားတာပါ။ အဆုတ်ရောဂါလည်း အခံရှိပါတယ်။ အဲဒီကနေ မန္တလေးကို ဆေးဆင်းကုပေမဲ့ ငလျင်လှုပ်တော့ ဆက်မကူတော့ဘဲ မိုးကုတ်ကိုပဲ ပြန်ကြွသွားတယ်။ အဲဒီကနေပဲ ရေပူကျောင်းမှာ သီတင်းဆက်သုံးရင်း ပျံလွန်တော်မူသွားပါတယ်။ အကုန်လုံးက ဝိုင်းဝန်းကုသကြတယ်။ ိလိုအပ်တာတွေ ဝိုင်းလုပ်ပေးကြပေမဲ့ ဆရာတော်ဘုရားရဲ့ အသက်ကိုတော့ မကယ်တင်နိုင်လိုက်ပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့သူဖြစ်တာကြောင့် ပိုပြီးနှမြောတသ ဖြစ်ရပါတယ်”

ရေပူဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၅၅ နှစ်နဲ့ ဝါတော် ၃၅ နှစ်ရှိပြီ ဖြစ်ပြီး စစ်ကြောရေးနဲ့ ထောင်အတွင်းမှာ ရရှိခဲ့တဲ့ ရောဂါတွေကြောင့် ပြန်ထွက်လာချိန်ကတည်းက ကျန်းမာရေးချို့တဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမိုးကုတ်မြို့မှာ စစ်ရေးအခြေအနေ ရှုပ်ထွေးနေတာကြောင့် ဆရာတော်ရဲ့ နာရေးကို အခုရက်ပိုင်းမှာပဲ မြန်မြန်ဆန်ဆန် ကျင်းပသွားဖို့ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button