စစ်ကိုင်းသတင်း

ရွှေဘို-မန္တလေးလမ်းမပေါ်က ပကဖကင်းစခန်း တစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ကိုသူ /MFP ၊ နိုဝင်ဘာ – ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-မန္တလေးလမ်းမပေါ်က တော်လှန်ရေးအင်အားစုရဲ့ ယာယီကင်းစခန်းတစ်ခုကို နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက စစ်အုပ်စုတပ်တွေ ဝင်ရောက် စီးနင်းပြီးနောက်  ရဲဘော်ခုနစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွှေဘို-မန္တလေးလမ်းမကြီးပေါ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုရဲ့ ယာယီကင်းစခန်းတစ်ခုကို ခန့်မှန်းအင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်အုပ်စုက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကင်းစခန်းမှာ တာဝန်ကျနေတဲ့ တော်လှန်ရေး ရဲဘော်ခုနစ်ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် သတ်ဖြတ်ခံလိုက်ရတာလို့ ရွှေဘိုအခြေစိုက် MFPရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ကင်းစခန်း စီးနင်းခံလိုက်ရတာ၊ စစ်ကြောင်းက နှစ်ကြောင်းဝင်တာလို့ သိရတယ်။ အလောင်းတွေကတော့ ပြန်ရတယ်။ အလောင်းတွေက ရုပ်တွေက မပီတော့ဘူး။ ခေါင်းတွေ ပစ်ခံရတာလဲပါတယ်”

ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ရွှေဘို-မြစ်ကြီးနားလမ်းမနဲ့ စခန်းအနီးမှာပဲ ပြန်ရှာတွေ့ခဲ့ပြီး စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ် ခံလ်ိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီးတော့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကောက်ယူနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ရွေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကို စစ်အုပ်စုက ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေက လေးဆယ်ရာခိုင်နှုန်း ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်မှာတော့ စစ်အုပ်စုတပ်တွေက  မြို့ပေါ်နဲ့ ပျူစောထီးကျေးရွာ ၁၀ရွာကျော်မှာ တပ်စွဲနေထိုင်နေပြီး ရွှေဘို -မန္တလေးလမ်းမှာ စစ်ကြောင်းထိုး လှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရွှေဘိုနယ်မှာ ကျဆုံးသွားတဲ့တော်လှန်ရေးရဲဘော်တစ်ဦးနာရေးကို ရိုက်ကူးထားတဲ့ ပုံအဟောင်းကို ဖော်ပြထားခြင်းဖြစ်သည်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button