MN/MFP ၊ နိုဝင်ဘာ – ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ဆိုင်ကယ်စီးသွားလာနေတဲ့ PDF ရဲဘော်လေးဦးကို စစ်အုပ်စုက ခရီးသည်တင်ကားနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းပေါ်ရှိ ကူတောပုလ္လင်ရွာကနေ ကြာပိုင်ရွာဘက်ကို ဆိုင်ကယ်နှစ်စီးနဲ့ ဖြတ်သန်းသွားလာနေတဲ့ PDF ရဲဘော် လေးဦးကို စစ်အုပ်စုက ခရီးသည်တင်ကားနဲ့ လာရောက် ပစ်ခတ်တာကြောင့် သုံးဦးသေဆုံးကာ တစ်ဦးအသက်ရှင် လွတ်မြောက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ငါးနာရီကျော်လောက်မှာပေါ့ ကူတောကနေ ကြာပိုင်ဘက်ကို ဖြတ်ကူးတဲ့အချိန်မှာ စွမ်းရည်ထက်(စစ်အုပ်စုအထိုင်စခန်း)ကနေ JK ခရီးသည်တင်ကားကိုတားစီးပြီးတော့ လာပစ်သွားတာ။ ရဲဘော် သုံးယောက် ကျဆုံးသွားတယ်။ သေနတ်ပါလာတဲ့ လမ်းပြလိုက်ပို့ပေးတဲ့ ရဲဘော်တစ်ယောက်ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ရုပ်အလောင်းတွေက ဒီကနေ့မနက်ကျမှ သွားကောက်ခဲ့ပြီးတော့ သင်္ဂြိုဟ်ပေးရမှာပါ။ အခင်းဖြစ်တဲ့နေရာက မုံရွာ-မန္တလေး လမ်းပိုင်းရဲ့အနောက်ဖက်ကျတာပေါ့”
စစ်အုပ်စုက ခရီးသည်တင်ကားနဲ့ လိုက်လံပစ်ခတ်လို့ ကျဆုံးသွားခဲ့ရတဲ့ PDF ရဲဘော် သုံးဦးဟာ ယင်းမာပင်မြို့နယ်ဘက်ကဖြစ်ပြီး အမည်၊ အသက်အရွယ်တွေနဲ့ အဖွဲ့အစည်းအမည်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်အုပ်စုကို ခရီးသည်တင်ကားကို အကာအကွယ်ယူကာ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တွေကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုင်ကယ်စီးသွားလာနေတဲ့ PDF ရဲဘော်တွေကို စစ်အုပ်စုက လိုက်လံပစ်ခတ်ချိန်မှာ မုံရွာ-မန္တလေးလမ်းမနားမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးလည်းဝမ်းဗိုက်ထိမှန် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကို သတင်းပေးတွေရှိနေနိုင်တယ်လို့ MFPရဲ့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။
“သတင်းပေး တစ်ဦးဦးရှိနိုင်ပါတယ်။ ကားနဲ့ချက်ချင်းလာပစ်သွားတာဆိုတော့လေ။ အဲဒီဘက်က လမ်းကြောင်းမကောင်းတာကို သိရက်နဲ့စီမံတဲ့သူဘက်ကလည်း ညံ့တာပါတာပေါ့။ နောက်ပြီး တစ်ယောက်က သေနတ်ပါတာတွေ့တော့ သတင်းပေးက ရှိပြီပေါ့။ နယ်မြေမကျွမ်းတဲ့ ရဲဘော်တွေကို လိုက်ပို့ပေးသူရဲ့ ပေါ့ဆမှုလည်းပါတာပေါ့။ သူတို့သွားတဲ့နေရာတွေက (စခ)အထိုင်တွေနဲ့ နီးနေတော့ သတင်းပေးလည်းရှိသွားတော့ အခုလိုဖြစ်သွားတာပေါ့”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စု ပစ်ခတ်လို့ ကျဆုံးသွားခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ကူတောပလ္လင် နတ်ရုတ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗန်ဒါပင်အောက်မှာ စစ်အုပ်စုက ပစ်ထားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းမှ ဒေသခံလူမှုကူညီရေးအဖွဲ့က ကောက်ယူခဲ့ပြီး မီးသင်္ဂြိုဟ်ပေးလိုက်ပြီလို့ ဆိုပါတယ်။
မုံရွာမြို့ပေါ်အပါဝင် မြို့ပေါ်ရပ်ကွက်တွေက လမ်းပိုင်းတွေပေါ်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးလာတာကို တွေ့ရှိတာနဲ့ စစ်အုပ်စုက လိုက်လံပစ်ခတ် ဖမ်းဆီးလေ့ရှိတာကြောင့် ပြည်သူတွေ မကြာခဏ သေဆုံးထိခိုက်တာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
၂၀၂၂ ခုနှစ်က မုံရွာမြို့ပေါ်မှာ လမ်းသွားလမ်းတာစ်ဦးကို စစ်အုပ်စုက တားဆီးငွေညှစ်တာ ရပ်မပေးလို့ဆိုပြီး ပစ်သတ်ထားစဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



