MN/MFP ၊ နိုဝင်ဘာ – ၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကနေ ဒီကနေ့ထိ တစ်လနီးပါးကြာ စစ်အုပ်စု စစ်ကြောင်းထိုး စီးနင်းလုယက်နေတာကြောင့် ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးဘဲ အခက်ခဲတွေနဲ့ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေက စီမံကိန်းအနီးဝန်းကျင်က ကျေးရွာတွေကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်ထိ စီးနင်းလုယက်နေဆဲဖြစ်တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေပါ မရိတ်သိမ်းနိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
“အခု စစ်ကြောင်းက ဝမ်ပေါင်ကုမ္ပဏီထဲမှာလည်း တချို့ရှိနေသလို ဝမ်ပေါင်ပတ်လည်မှာရှိတဲ့ ဝက်မှေး၊ ကံတော စတဲ့ရွာတွေထဲမှာလည်း ရှိနေသေးတယ်။ စစ်ကြောင်းက ပြီးခဲ့တဲ့လ ၁၈ ရက်နေ့ကတည်းကနေ အခုချိန်ထိဆိုတော့ ပြည်သူတွေ တအားဒုက္ခရောက်နေကြတယ်။ စစ်ရှောင်ရတာ ရက်ကြာလာတော့ စားဝတ်နေရေးကလည်း ခက်ခဲလာကြတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေဆိုရင် ပိုဆိုးတယ်။ နောက်ပြီးတော့ ရိတ်သိမ်းရမဲ့ သီးနှံစိုက်ခင်းတွေ မရိတ်သိမ်းရသေးတော့ အတော်လေး ဒုက္ခရောက်နေကြရတာပေါ့။ ရွာကိုလည်း ပြန်ကပ်လို့မရသေးဘူး”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးဝန်းကျင်က ကျေးရွာတွေကို စီးနင်းလုယက်နေတဲ့ စစ်အုပ်စု အထိုင်စခန်းရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာယန်စီ ကုမ္ပဏီဝန်းထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကစပြီး ရှော့တိုက်ဒုန်းတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒီနေ့အထိ လုပ်ငန်းမလည်ပတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းရန်ကြောင့် ဖောင်းကား(သုံးရွာ)၊ မိုးကြိုးပြင်၊ ဝက်မှေး၊ ကံတော၊ ရွှေလှေ၊ ပလောင်၊ လက်ပံတောင်း၊ မစိုးရိမ်၊ တောကျောင်း၊ တုံ၊ ထန်းတောကြီး၊ လယ်တီ၊ ဆည်တဲ၊ ဇီးတော၊ ဝဲကြီး၊ ဝဲကွဲ၊ သဲတောကြီး၊ ဖောင်းကတာ၊ ကျေးပင်ထူး၊ အေးရွာ စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ တစ်လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားသောက်နေထိုင်ရေး အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်က ကျေးရွာတွေမှာ အုပ်ချုပ်ရေးနဲ့ ပညာရေးပါ ရပ်တန့်ထားရတာကြောင့် စစ်ဘေးရှောင်ကျေးရွာတွေမှ ကျောင်းသူ၊ကျောင်းသားတွေ လာရောက်တိမ်းရှောင်လာပါက ယာယီကျောင်းတတ်ခွင့်နဲ့ အခမဲ့ ပညာသင်ကြားခွင့်ပေးဖို့အတွက် ဆားလင်းကြီးမြို့နယ်ထဲက ပြည်သူ့အခြေပြုကျောင်းတာဝန်ခံတွေကို မြို့နယ်ပညာရေးဘုတ်အဖွဲ့က နိုဝင်ဘာ ၁၀ ရက်မှာ အသိပေး အကြောင်းကြားစာထုတ်ပြန်ထားပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုး စီးနင်းလုယက်စဉ် လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် တစ်လအတွင်း ဒေသခံပြည်သူ လေးဦး သေဆုံးခဲ့ပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို လယ်ယာသုံး ခိုင်းနွားတွေပါ သေဆုံးခဲ့ပါသေးတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



