စစ်ကိုင်းသတင်း

ကလေးမှာ စစ်အုပ်စုဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်မိသားစုဝင် လေးဦးသေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ 

ကိုသူ /MFP ၊ နိုဝင်ဘာ – ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်မှာ လေကြောင်းပနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်မိသားစုဝင် လေးဦး သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေကကြံတာ ၊မှန်တော ၊ကမ်းပါးနီ စတဲ့ရွာအနီးတဝိုက်ကို လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်အိမ်တည်းမှာနေထိုင်နေတဲ့ စစ်ဘေးရှောင်မိသားစုဝင် လေးဦး သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

” လေးဦး သေတာပါ၊ ကလေးတစ်ယောက်ကတော့ ဒဏ်ရာ ရတယ်’

သေဆုံးသူ လေးဦးဟာ ဟံသာကျေးရွာမှာ နေထိုင်သူတွေ ဖြစ်ကြပြီး စစ်အုပ်စုရန်ကြောင့်  တောတောင်အတွင်း စစ်ရှောင်ရင်း လေကြောင်းကနေ တိုက်ခိုက်တဲ့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ကမ်းပါးနီ ၊မှန်တော ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေချိန် ဖြစ်တဲ့ နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၈ ရက်အထိ လေးရက်ဆက်တိုက် ဗုံးကြဲနေတယ်လို့ ပြောပါတယ်။

“ဗုံးကြဲတာကတော့ နေ့တိုင်းပဲ၊ လေးရက်ဆက် ရှိပြီ၊တိုက်တဲ့ နေရာတွေက တော့ ကြံသာတို့ ၊မှန်တောတို့ဘက်တိုက်တာ တောတွေထဲလဲ ချတယ်။ စစ်ကူပို့တာ တွေလဲ ရှိတယ်”

ဒါ့အပြင် နိုဝင်ဘာလ ၁၆ ရက်ကလည်း နတ်မြောင်းကျေးရွာအဝင်မှာ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူ သုံးဦးကို စစ်အုပ်စုတပ်သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးကာ၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်အုပ်စုတပ်တွေ ကလေးမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အောက်တိုဘာ ၂၇ ရက်နေ့မှာ တမူးမြို့နယ်က ဝက်သားရောင်းတဲ့ ဦးကြည်လင်းနဲ့ ဦးမန်မန်းတို့ နှစ်ဦးကို အရှင်လတ်လက် ဝမ်းဗိုက်ခွဲ သတ်ဖြတ်ခံခဲ့ရသလို အောက်တိုဘာ ၂၄  ရက်နေ့မှာလဲ ကလေးမြို့နယ်မြောက်ပိုင်းက အောင်ရွာကျေးရွာမှာ နေအိမ်ကို ရိက္ခာ ပြန်သယ်တဲ့ အသက်၄၀ အရွယ်  ဦးကပ်ရှန်းမုန် (Pa Kap Sian Mung )တို့ သုံးဦး စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာ ကျေးရွာက အမျိုးသား  ရှစ်ဦး၊ အောက်တိုဘာ ၂၀ ရက်‌နေ့မှာ ရာဇဂြိုဟ် ကျေးရွာက အမျိုးသား  ၁၀ ဦးနဲ့ CDF-KKG  တပ်ဖွဲ့ဝင် တစ်ဦးတို့ စစ်အုပ်စု စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးတော့ စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button