ပြည်သူကို ဗုံးကြဲသတ်နေတဲ့ စစ်အုပ်စု စက်တပ်လေထီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်၊
ပျက်ကျတဲ့ လေထီးကို သိမ်းဆည်းရရှိပြီး စစ်အုပ်စု အလောင်း မတွေ့သေး၊
အီသာရမ်/MFP၊ နိုဝင်ဘာ – ၂၂
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်မှာ ပြည်သူကို ဗုံးကြဲသတ်နေတဲ့ မင်းအာင်လှိုင် သစ္စာခံ စစ်အုပ်စုရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က MFP ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မှာ ပခုက္ကူမြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) က တက်လာပြီး ပေါက်နယ်ကို ဗုံးကြဲပြီး ပြန်လာတဲ့ စက်တပ်လေထီး နှစ်စင်းထဲက တစ်စင်း မြိုင်နဲ့ ပေါက်နယ် အစပ်မှာ မြိုင် ပကဖ၊ ပေါက်ပကဖ နဲ့ MGY-PDF စုပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ပျက်ကျသွားတာ ဟုတ်တယ်။ မြိုင်နဲ့ပေါက်ကြားမှာ၊ ဗုံးကြဲပြီး Back ခေါက်တဲ့အချိန် ပျက်ကျသွားတာ” လို့ မြိုင်-ပကဖ တာဝန်ခံ ဗိုလ်လက်ယာက MFP ကို ပြောပါတယ်။
ပျက်ကျတဲ့ စက်တပ်လေထီးပေါ်မှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင် နှစ်ယောက် လိုက်ပါလာပြီး သေသလား၊ ရှင်သလားဆိုတာတော့ မသိရသေးဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲ့ဒီ ပျက်ကျတဲ့ စက်တပ်လေထီး အပါအဝင် စက်တပ်လေထီး နှစ်စင်းဟာ ပေါက်နဲ့မြိုင်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ပစ်ကူပေးရင်း ပြည်သူကို ဗုံးကြဲသတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်နဲ့ မြိုင်နယ်ထဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကာ စစ်အုပ်စုက အင်အားရာနဲ့ချီ အသုံးပြု၊ အဖွဲ့ သုံးဖွဲ့ထက်မနည်း ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာတော့ စစ်အုပ်စုတွေ ပြန်စုပေါင်းကာ ရေနံမှော်တွေဘက်ကို ဦးတည် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်သလို စက်တပ်လေထီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ရွာပေါ် ဗုံးကြဲလို့ ပေါက်နဲ့မြိုင်မြို့နယ် ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း ပခုက္ကူနယ်ထဲ ပြည်သူကို ဗုံးကြဲသတ်ပြီး ပြန်လာတဲ့ တပ်မ ၁၀၁ က စက်တပ်လေထီးတစ်စင်း ပခုက္ကူမြို့ အနောက်ဘက်နားမှာ ပျက်ကျကာ အဲဒီစက်တပ်လေထီးကို တော်လှန်ရေး တပ်တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
မြိုင်နဲ့ ပေါက်နယ်အစပ်မှာ ပစ်ချနိုင်ခဲ့တဲ့ စစ်အုပ်စုရဲ့ စက်တပ်လေထီး/Photo – ပေါက် ပကဖ၊ မြိုင် ပကဖ၊ အညာမြေတပ်ပေါင်းစု၊ ပေးပို့၊
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



