စစ်ကြောင်းပျက်တဲ့အထိ နှစ်ကြိမ် ချေမှုန်းတိုက်ခိုက်ခံထားရတဲ့ စစ်အုပ်စုက ခင်ဦးနယ်ထဲကို သုံးကြိမ်မြောက် ထပ်မံစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်
MN/MFP ၊ နိုဝင်ဘာ – ၂၇
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကူအင်အားပို့ဖို့အတွက် စစ်အုပ်စု အင်အား ၁၀၀ ကျော်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာ ရေဦးနယ် အောင်သာယာရွာပျူစခန်းကနေ ကန့်ဘလူနယ်ဘက်ကို ရောက်ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ခင်ဦး၊ ရေဦး၊ ကန့်ဘလူ သုံးမြို့နယ်အစပ် ခင်ဦးနယ်အနောက်ခြမ်းရှိ မုံလှရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို စစ်ကူပို့ဖို့အတွက် အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ခင်ဦးနယ်အစပ် ကန့်ဘလူနယ်ထဲက ကျီစုရွာကို ဒီကနေ့နေ့လယ်ပိုင်းမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
အဲဒီ စစ်အုပ်စုစစ်ကြောင်းဟာ ခင်ဦးနယ်ထဲကို ထပ်မံဝင်ရောက်ပြီး မုံလှရွာက စစ်အုပ်စုတွေကို အင်အားဖြည့်တာနဲ့ စစ်ကြောင်း ဆုတ်ခွာတာတွေ လုပ်ဆောင်လာနိုင်တယ်လို့ ခင်ဦးနယ်မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“ဒီကနေ့ စစ်ကြောင်းက ရေဦးနယ်ထဲက အောင်သာယာပျူစခန်းကနေ ကန့်ဘလူနယ်ထဲကို ရောက်နေပြီ။ ခင်ဦးနယ်ထဲကို ဝင်လာဖို့ရှိနေတာပေါ့။ မုံလှရွာထဲမှာ ရှိနေတဲ့ ဟိုတနေ့က တိုက်ပွဲမှာ အထိနာထားတဲ့ သူတို့လူတွေကို ပြလာခေါ်မှာလား၊ ပျဉ်ထောင်ရွာ ပျူစခန်းက သူတို့လူတွေကို ပြန်ခေါ်သွားမှာလား အတိအကျတော့ မသိရသေးဘူးပေါ့။ ပျဉ်ထောင်ရွာ ပျူစခန်းက သူတို့(စစ်အုပ်စု)အတွက် အကျိုးမပြုဘူးဖြစ်နေတာ။ အဲဒီရွာကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာဆိုတော့ သူတို့အပြင်ထွက်လို့မရဘူးဖြစ်နေတာကြာပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကြောင်းထိုးလာရင်တော့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့က တိုက်ပွဲကဆက်ဖြစ်မှာ”
လက်ရှိမှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ မုံလှရွာအပါဝင် တိုက်ပွဲဧရိယာအနီးဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြီး စစ်ဘေးတိမ်းရှောင် ခိုင်းထားတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စစ်အုပ်စု အထိုင်စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို ထွက်လာတဲ့ ခြေမြန်တပ်မဌာနချုပ်(တမခ-၃၃) လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ် – ၁၁၁ က စစ်အုပ်စု အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ယင်းတိုက်ရွာအနီးမှာ ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု စစ်ကြောင်းမှူးအပါ ၅၀ ဦး သေဆုံးပြီး သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရရှိခဲ့ကာ သေနတ် ၂၀ လက်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၁၉ ရက်မှာ ခင်ဦးမြို့နယ် မုံလှရွာကို ကန့်ဘလူမြို့နယ်ဘက်ကနေ စစ်အုပ်စု အင်အား ၃၀၀ ဝန်းကျင်နဲ့ ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ ခင်ဦးနယ် ပျဉ်ထောင်ရွာ ပျူစခန်းဘက်ကို စစ်ကြောင်းထိုးထွက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းပျက်တဲ့အထိ ထပ်မံချေမှုန်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်က တိုက်ပွဲအတွင်းမှာ စစ်အုပ်စု ၆၀ ကျော် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၃၀ ဝန်းကျင်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
နှစ်ကြိမ်တိုင် စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းတိုက်ခိုက်ခံထားရတဲ့ စစ်အုပ်စုတွေက လက်ရှိမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မုံလှရွာထဲမှာ အင်အားပြန်လည်စုဖွဲ့ပြီး စစ်ကူအင်အားဖြည့်ဖို့လာမယ့် စစ်ကြောင်းကိုစောင့်နေသလို ဒဏ်ရာရသူတွေကိုပါ ဆေးကုသပေးတာတွေ လုပ်ဆောင်နေတယ်လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ခံက MFP ကို ပြောဆိုထားပါတယ်။
လက်ရှိမှာ ခင်ဦးနယ်အနောက်ခြမ်းကို စစ်အုပ်စု စစ်ကြောင်းထိုးနေတာကြောင့် မုံလှ၊ သာဝတ္ထိ၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ သရက်ကုန်း၊ ရှင်မင်းဒွေ၊ ကင်းပြစ်၊ ရွှေကူ၊ အင်ဒိုင်းကြီး၊ ကျွန်းတောလေး၊ ကျွန်းတောကြီး၊ ယာတော်၊ မြင်းကျ၊ မြင်းဒေါင်း၊ သရက်ပင်စု စတဲ့ ကျေးရွာတွေနဲ့ ခင်ဦးနယ်အစပ် ကန့်ဘလူနယ်ထဲက အိုင်ပေါင်းချောင်၊ ကျောက်တိုင်၊ ကျီစု၊ အောင်ချမ်းသာ၊ ယင်းတိုက် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



