စစ်ကိုင်းသတင်း

ကလေးတောင်ပိုင်း တိုက်ပွဲမှာ ကျောင်းသားတပ်မတော်က တပ်စုမှူးအပါအဝင် ရဲဘော် သုံးဦးကျဆုံး

ကိုသူ/MFP ၊ ဒီဇင်ဘာ-၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်စုမှူးအပါအဝင် တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်း၊ ABSDF Column – 3က ဒီဇင်ဘာလ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ ကျဆုံးခဲ့သူတွေဟာ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်-၃ စစ်ကြောင်း၊ အမှတ် (၁၂) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်စုမှူး-ရဲဘော် စိန်မြင့်

လွင်(ခ) ဖိုးလွင်၊ ရဲဘော်ဇော်ဇော်ဦး(ခ) မှိုင်းမှိုင်း၊ ရဲဘော်နိုင်လင်းစိုး (ခ)ညှပ်စိတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့သုံးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရဲဘော်တို့သည် ကျောင်းသားတပ်မတော်မှပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ရဲဘော်တို့၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားမှုများကို မိမိတို့ ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်။ရဲဘော်တို့ မြင့်မြတ်စွာကျဆုံးမှုအပေါ် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ရဲဘော်တို့၏ တော်လှန်ရေးတာဝန်များအား ဆက်လက်ထမ်းဆောင်ရင်း အာဏာရှင်စနစ် ပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကျွန်ုပ်တို့ ကတိပြုအပ်သည်”လို့ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်- ၃ စစ်ကြောင်းက ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်းမှာ ကျဆုံးရဲဘော် သုံးဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀  ဦးရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း ပုလဲမြိုနယ် ကန်ဒေါင့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်းမှာကျောင်းသားတပ်မတော်-အမှတ် ၃ စစ်ကြောင်း၊ အမှတ် -၁၄ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထိုက်ကြီး (ခ)သန်းထိုက်အောင်၊ ရဲဘော် ကျောင်းသားလေး(ခ)ချစ်ဇော်ဖြိုး၊ ရဲ ဘော် ဂျိမ်းမောင်တို့ သုံးဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ -၁၂ ရက်နေ့က ကလေးတောင်ပိုင်း တိုက်ပွဲအတွင်းမှာလဲ ဒုတပ်စိတ်မှူးဖြစ်တဲ့ ရဲဘော်ကနောင်(ခ) ကိုသဲကိုအောင်၊ တပ်စုမှူး -ရဲဘော်မြအောင် (ခ) လင်ကွန်းတို့ ကျဆုံးခဲ့တယ်လို့  ကျောင်းသားတပ်မတော်က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button