MN/MFP ၊ ဒီဇင်ဘာ – ၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်နယ်မြောက်ခြမ်း မူးမြစ်ကမ်းဘေးက ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ညက မူးဂွရွာကနေတဆင့် ထန်းပင်ဆိပ်ရွာကို စီးနင်းလုယက်ဖို့ စစ်ကြောင်းထိုးထွက်ခွာလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရပ်ကျေး(ပကဖ) ရဲဘော်တစ်ဦးနဲ့ မြို့နယ်(ပကဖ) ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေကက ပြောပါတယ်။
“မူးတိမ်၊ မူးဂွနဲ့ ထန်းပင်ဆိပ်ဆိုတာ ကပ်နေတာ ဟိုဘက်သည်ဘက် သိပ်မဝေးတဲ့ ရွာတွေပေါ့။ ထန်းပင်ဆိပ်ရွာကို (စစ်အုပ်စု)စစ်ကြောင်းမဝင်ခင်မှာ အပေါ်ကနေ ဒရုန်းနဲ့ဗုံးသီးချတယ်။ အဲဒီအချိန်မှာ နယ်မြေခံ ကာကွယ်ရေးရဲဘော်တွေက ဒေသခံတွေ တိမ်းရှောင်လို့ရအောင် ကယ်ထုတ်ပေးနေတာပေါ့။ ညပိုင်းအချိန်မှာ စစ်ကြောင်းက အလစ်အငိုက်ဝင်တိုက်လာတဲ့အချိန်မှာ ကာကွယ်ရေးရဲဘော် နှစ်ဦးက ခုခံတိုက်ခိုက်ရင်းနဲ့ ကျဆုံးသွားခဲ့ရတာပါ။ ဒေသခံတွေ ထွက်လိုရအောင် ရဲဘော်နှစ်ဦးက အသက်ပေးပြီးတော့ စစ်ကြောင်းကို ခုခံတိုက်ခိုက်ပေးခဲ့တဲ့သဘောပါ။ နောက်ပြီးတော့ ရွာထဲက နေအိမ်နှစ်လုံးကိုပါ စကစနဲ့ ဝါသဝလက်အောက်ခံ ပျူတွေက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးကတော့ အသက်က ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ်လေးတွေပါဗျ။ ရုပ်အလောင်းတွေကိုလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အချိန်ကျမှ ကောက်ယူခဲ့ရတာဖြစ်ပါတယ်ဗျ။ သင်္ဂြိုဟ်တာတော့ မလုပ်ရသေးပါဘူး” လို့ MFP ရဲ့စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ဒေသခံပြည်သူတွေကို ကာကွယ်ပေးရင်းနဲ့ ကျဆုံးသွားခဲ့တဲ့ ရပ်ကျေး-ပကဖ ရဲဘော်နဲ့ မြို့နယ်-ပကဖ ရဲဘော်နှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီဇင်ဘာ ၅ ရက်မှာ ထန်းပင်ဆိပ်ရွာထဲမှာ သွားရောက်ကောက်ယူထားတယ်လို့ ဆိုပါတယ်။
ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း မူးမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို နိုဝင်ဘာ ၂၉ ရက်ကနေ ဒီကနေ့အထိ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေအိမ်တွေကို စီးနင်းလုယက်မီးရှို့နေတာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က မူးတိမ်ရွာပျူစခန်း သိမ်းပိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၉ ရက်ကစပြီး အင်အား ၁၅၀ ဝန်းကျင်ပါ စစ်အုပ်စုနဲ့ သင်္ကန်းဝတ်ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက ကန့်ဘလူနယ်ဘက်ကနေ မူးမြစ်ကူးပြီး မူးတိမ်ရွာကိုပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်သလို အနီးဝန်းကျင်က ကျေးရွာတွေကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်ထိ စီးနင်းလုယက်နေတာ ဖြစ်ပါတယ်။
အဲဒီ ပျူစခန်းသိမ်းတိုက်ပွဲမှာ ပေါ်ဦးစစ်ကြောင်းကနေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် – ၂၅ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ CDMတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲဘော် မိုးလေး (ခ) ချမ်းမြေ့မိုးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးဝါးကုသမှုခံယူနေစဉ် မနေ့က ဒီဇင်ဘာ ၅ ရက်မှာ ကျဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ မိခင်တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မူးတိမ်ရွာပျူစခန်း အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာကြောင့် သာဂရ၊ သာဂလ၊ ထန်းပင်ကုန်း၊ မူးကျင်းစု၊ အောင်စွာ၊ မယ်ဇလီကုန်း၊ အက်ကြီး၊ ထန်းပင်ဆိပ်၊ ရွာရှည်၊ ပေချောင်၊ ထန်းကုန်းကြီး၊ ပုတီး စတဲ့ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



