မိုးမိတ်နဲ့မဘိမ်းမြို့အစပ်ကို စစ်အုပ်စုဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် မိုးကုတ်စစ်ရှောင်တွေ အပါအဝင် ပြည်သူကိုးဦး သေဆုံး၊
မှူးအိန်ဂျယ်လ်/MFP၊ ဒီဇင်ဘာ – ၆
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်ခရိုင်မှာရှိတဲ့ မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာနဲ့ မဘိမ်းမြို့နယ်၊ နန်းပန်းကျေးရွာကြားကို စစ်အုပ်စုတပ်က ဒီဇင်ဘာ ၆ရက် ဒီနေ့မနက် ၉နာရီ၀န်းကျင်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေအပါအဝင် ကိုးဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“မြစ်ဆုံနဲ့နန်းပန်းရွာကိုကူးတဲ့ တံတားထိပ်နဲ့မြစ်ဆုံရွာကိုကြဲတာပါ။ မြစ်ဆုံကျေးရွာရဲ့ ကျေးလက် ဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်းအနီးကျလို့ စစ်ရှောင်ရော ဒေသခံရော ကိုးယောက်သေတယ်“ လို့ အဲဒီအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စင်းနဲ့ မိုးမိတ်နဲ့ မဘိမ်းမြို့ အစပ်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး မိုးကုတ်ဒေသခံ စစ်ရှောင်လေးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေသတွေကို စစ်အုပ်စုတပ်က ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ တစ်နှစ်ကျော်ရှီနေပြီဖြစ်ပြီး လက်တလောမှာလည်း ဆက်သွယ်ရေး အခက်အခဲကြောင့် သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလတ်တွေကို MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
မိုးမိတ်မြို့နယ်ကို စစ်အုပ်စု သိမ်းပိုက်ထိန်းချုပ်ပြီး ခုနစ်ရက်အကြာမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်သလို ဒီဇင်ဘာလ ၅ ရက်ကစတင်ပြီး မြို့အဝင် ခရေပင်တန်းလမ်း၊ ဟော်နန်းစျေးသစ်၊ လက်ခုပ်ပင်၊ တောင်ကိုင်း၊ ဒိုးပင်စတဲ့နေရာတွေမှာ စျေးဆိုင်တချို့ပြန်ဖွင့်နေကြပြီး လူသွားလူလာတွေ ပြန်ရှိလာချိန်မှာ ဗုံးကြဲခံရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က အင်အား ၅၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မိုးကုတ်ကနေတဆင့် မိုးမိတ်မြို့ကို ဝင်ရောက် ထိန်းချုပ်ပြီးနောက် မြို့ခံတွေကို နေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ ဖိအားပေးခေါ်ယူနေပေမဲ့ ဒီဇင်ဘာလ ၇ ရက်ဒီနေ့အထိ ပြန်လည်ဝင်ရောက် နေထိုင်တာမျိုး မရှိသေးပါဘူး။
လက်ရှိမှာတော့ မိုးမိတ်မြို့ကို အင်အားငါးရာနီးပါးရှိတဲ့ စစ်အုပ်စုတပ်တပ်သားတွေက နိုဝင်ဘာလ ၃၀ ရက်ကတည်းက ဝင်ရောက်ပြီးနာက် မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ တပ်စွဲနေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မိုးမိတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးလအကြာ ဇွန်လမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
မဘိမ်းမြို့နယ်ကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဒီဇင်ဘာလ ၆ ရက် ဒီနေ့တစ်ရက်ထဲမှာပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၁ ဦးသေဆုံးကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



