စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေကို စစ်အုပ်စု ဗုံးကြဲသတ်လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ ၆၀ နီးပါး ရှိ၊ အိုးအိမ် ၁၅ လုံး ပျက်စီး၊

ဘဦး/MFP ၊ ဒီဇင်ဘာ-၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေကို စစ်အုပ်စုက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှာ သေဆုံးသူ ၁၈ဦးနဲ့ ဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၅ ရက် ည‌ ၈ နာရီခန့်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ဆီးဂိမ်းပြိုင်ပွဲဖြစ်တဲ့ မြန်မာ – ဖိလစ်ပိုင် အမျိုးသမီးဘောလုံးပွဲကို ဒေသခံတွေ စုပေါင်း ကြည့်ရှုနေချိန်မှာ စစ်အုပ်စု ဂျက်ဖိုက်တာ အမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ မရကန်ကျေးရွာက နေအိမ်နဲ့ လက်ဖက်ရည်ဆိုင်ကို ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်တစ်ဦး၊ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ၁၄ ဦး၊ စုစုပေါင်း ၁၈ ဦးသေဆုံးကာ အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MOHR က ဆိုပါတယ်။

ဒါ့အပြင် ဗုံးဒဏ်ကြောင့် နေအိမ် ၁၉ လုံး၊ မော်တော်ကား တစ်စီး၊ ထော်လာဂျီ တစ်စီးနဲ့ မော်တော်ဆိုင်ကယ် ၁၀ စီးတို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ရွာပေါ်ကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ငါးနှစ်အရွယ် ကနေ ၇၀ ကျော်အရွယ်တွေ ရှိတဲ့ ဒေသခံ ၂၁ ဦးအထိ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေသေးတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“ဒဏ်ရာရလူနာတွေအထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ လေးယောက်ထက်မနည်း ရှိတယ်။ သူတို့ကိုတော့ ပထမဦးစားပေး အနေနဲ့ စောင့်ကြည့်နေကြပါတယ်။ သေဆုံးသူတွေကိုတော့ ဒီနေ့ အကုန်လုံး သဂြိုဟ်သွားမှာပါ။ အများစုက အိမ်ထောင်ဦးစီးတွေ ပါကြတာဗျ။ ဘောလုံးပွဲဆိုတော့လေ ညနေပိုင်းအားတဲ့ အချိန်လေးကို ဆုံပြီး သာရေးနာရေး ပြောကြာတာပေါ့ဗျာ။ ရွာဆိုတဲ့ ထုံးစံအတိုင်းပေါ့” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ကနဦးစာရင်းအရ သေဆုံးသူတွေဟာ မောင်ခန့်ဇေယျာအောင်(၅-နှစ်)၊ ကိုဖြိုး(၂၀-နှစ်)၊ ကိုရဲထက်(၃၃-နှစ်)၊ ကိုဝေယံ(၃၇-နှစ်)၊ ပူတူး(၃၇-နှစ်)၊ ကိုဖိုးနီ(၄၄-နှစ်)၊ ဦးဇော်ဌေး(၄၄-နှစ်)၊ ဦးလင်းအောင်(၅၀-နှစ်)၊ ဒေါ်ဌေးစီ(၅၃-နှစ်)၊ ဦးကံဌေး(၅၆-နှစ်)၊ ဦးမြင့်သောင်း(၅၇-နှစ်)၊ ဒေါ်ခင်မာအေး(၅၇-နှစ်)၊ ဒေါ်ခင်မော်(၅၉-နှစ်)၊ ဦးကျော်မြင့်(၅၉-နှစ်)၊ ဦးမြတ်ရှိန်း(၇၂-နှစ်)၊ ဦးဥာဏ်ပို(၇၅-နှစ်)၊ ဦးတင်ရွှေ(၇၇-နှစ်)နဲ့ ကိုသန်းဇော်ဦးတို့ ဖြစ်ပါတယ်။

လတ်တောမှာတော့ လေကြောင်းရန်ကို စိုးရိမ်နေတဲ့ကြားကပဲ သေဆုံးသူတွေကို သဂြိုဟ်နေရသလို ဒဏ်ရာရသူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ပေးနေပြီး ဒဏ်ရာရသူတွေအထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်မှာကူညီနေသူတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းမြို့နယ်ကို ဒီဇင်ဘာ ၆ရက် တစ်ရက်ထဲမှာပဲ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button