MN/MFP ၊ ဒီဇင်ဘာ – ၈
မန္တလေးတိုင်း၊ မိုးကုတ်ခရိုင်၊ မိုးမိတ်မြို့နယ်ထဲက မြစ်ဆုံရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဒီဇင်ဘာလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်ထဲက မြစ်ဆုံကျေးရွာကို ဂျက်ဖိုက်တာ နှစ်စင်းနဲ့ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား ခုနစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း စစ်အုပ်စုက မိုးမိတ်မြို့နယ်ထဲက မန်ကျည်းပင်ရွာကို ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး လေကြောင်းက လာကြဲသွားခဲ့တာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ TNLA က ဆိုပါတယ်။
စစ်အုပ်စုက မိုးကုတ်နဲ့မိုးမိတ်မြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကနေကာကွယ်နိုင်ဖို့ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးထားပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကြား ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်အုပ်စုကလည်း တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကိုပါ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကျပ်ကိုင်ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်က စစ်အုပ်စုနဲ့TNLA တပ်တို့ဟာ ကူမင်းမြို့နယ်မှာ အပစ်ရပ်သဘောတူညီချက် ရှိခဲ့ပြီးနောက် မိုးကုတ်နဲ့မိုးမိတ်
မြို့နယ်တို့ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



