စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးက အိမ်ခြေထောင်ချီတဲ့ ကျီကုန်းရွာကို စစ်အုပ်စု ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူ သယ်ထုတ်ပြီးနောက် ရွာကို မီးတင်ရှို့၊

ဒေသခံပြည်သူတချို့လည်း အသတ်ခံထားရ၊

မောင်သက်/MFP၊ ဒီဇင်ဘာ – ၈

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်ရှိ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်းရွာကို အာဏာသိမ်း စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်းတာဖြစ်ပြီး ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်တွေ ဖောက်ထွင်း၊ တန်ဘိုးရှိ ပစ္စည်းတွေကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ နမခ ဆီ သယ်ထုတ်ပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၈ရက် ညနေပိုင်းမှာ ရွာကို စတင်မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

“အိမ်ခြေတစ်ထောင်ကျော်ရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့ စည်ဖြိုးလှတဲ့၊ ရှေးကျွန်းအိမ်တွေ ပေါများလှတဲ့၊ အိမ်ကြီးရခိုင်တွေ ပေါများလှတဲ့ ကျီးကုန်းအရှေ့ရွာ၊ အနောက်ရွာ နှစ်ရွာလုံးကို စခ တွေ မီးရှို့ဖျက်ဆီးသွားတဲ့နေ့ ဒီနေ့ 8-12 2025။ မျက်ရည်တွေ အလိုလို တဖြိုင်ဖြိုင်ကျတဲ့နေ့။ ပစ္စည်းတွေကို အားရအောင်ထုတ်ခိုးပြီးမှ မီးရှို့ဖျက်ဆီးသွားကြ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် နိုဝင်ဘာ ၃၀ရက်နောက်ပိုင်း နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ရွာခံပြည်သူ အမျိုးသား နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း အဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၈ရက် ဒီကနေ့မှာလည်း စစ်အုပ်စုက ကျီကုန်းရွာခံပြည်သူ အမျိုးသား သုံးဦးကို ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သတင်းကြားရပေမယ့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ကျီကုန်းကျေးရွာအတွင်းရှိ နေအိမ်တွေ ဖောက်ထွင်းကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်သမျှ ပစ္စည်းတွေကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ပျူစခန်းနဲ့ ချောင်းဦးမြို့ပေါ်ဆီ သယ်ထုတ်ယူဆောင်ပြီးမှ ရွာကို မီးရှို့တာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်တာလို့ ဆိုပါတယ်။

ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အိမ်ခြေ ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Data for Myanmar က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မုံရွာနဲ့ ချောင်းဦးနယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းရွာကို စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း

Related Articles

Back to top button