ပေါက်မြို့နယ်က စစ်ရှောင်ပြည်သူ ၂၀၀၀ အရေးပေါ်အကူအညီ လိုအပ်၊
နွေဦး/MFP ၊ ဒီဇင်ဘာ-၉
မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀၀၀ ဝန်းကျင် ဒီဇင်ဘာလ ၃ ရက်ကစတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပေါက်မြို့နယ်အခြေစိုက် စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)ကနေ အင်အား ၁၅၀ ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဒီဇင်ဘာ ၃ရက်မှာ ချောင်းကူးနဲ့ ပျမကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ကာ ရွာထဲ တပ်စွဲနေထိုင်နေတာကြောင့် ကျေးရွာ ငါးရွာက အိမ်ထောင်စု ၄၅၇စု၊ လူဦးရေ ၁,၇၀၀ ဟာ တောတောင်တွအထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် စိုက်ပျိုးထားတဲ့ လယ်ယာသီးနှံတွေကိုလည်း အချိန်မီ မရိတ်သိမ်းနိုင်ဘဲ တောတောင်တွေ အထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေအထဲမှာ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ်တွေ ပါဝင်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် အနွေးထည်နဲ့ အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့လည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့က သတင်းထုတ်ပြန်ပါတယ်။
အခုကာလဟာ အအေးပိုတဲ့ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအထဲက ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတချို့ တောတောင်တွေအထဲ မလုံမခြုံ စစ်ရှောင်နေရကာ မကြာခဏ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုကြပါတယ်။
Photo – လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



