ရွှေဥ /MFP ၊ ဒီဇင်ဘာ – ၁၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၁ ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၊နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ကောလင်းအင်ဖို ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်အုပ်စုတပ်တွေ ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့တာဖြစ်သလို လတ်တလောမှာလည်း တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိဘူးလို့ ကောလင်းအင်ဖို ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။
“သေတာက အမျိုးသမီးပါ၊တိုက်ပွဲမရှိပါဘူး၊ဘာသတင်းရတာ လဲမသိပါဘူး၊ ရိုရိုး ရွာသားတွေပါပဲ ထိတာက”
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာကိုတော့ လုံခြုံရေးအခြေအနေကြောင့် သူက မပြောသွားပါဘူး။ ဒဏ်ရာရသူတွေကိုတော့ လုံခြုံတဲ့နေရာကို သယ်ယူရွှေ့ပြောင်းကာ ဆေးကုသမှုပေးနေတယ်လို့ ဆိုကြပါတယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ သာမန်အရပ်သား အိမ်ထောင်ရှင် အမျိုးသမီးတွေဖြစ်ပြီး နာမည်နဲ့နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကလည်း ကောလင်းမြိုအနောက်ခြမ်း ဥက္ကံရွာကို ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး လေးလုံး ကြဲချခဲ့တာကြောင့် အသက် ၂၀ ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့သေးပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကောလင်းမြို့နယ်မှာ လူဦးရေ ၁၅၀,၀၀၀ ခန့်နေထိုင်ပေမဲ့ စစ်အုပ်စုတပ် ထိန်းချုပ်ထားတာကြောင့် မြို့ခံအများစုဟာ ဒီနေ့အထိ ပြန်လည်ဝင်ရောက် နေထိုင်တာမျိုးမရှိဘဲ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေအထဲမှာ စစ်ရှောင်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာရှိတဲ့ လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စစ်အုပ်စုတပ်က လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၈ ဦးသေဆုံးကာဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR)က သတင်းထုတ်ပြန်ပါတယ်။
တစ်ဆက်ထဲမှာပဲ စစ်ကိုင်းတိုင်းက ကောလင်းမြို့အပါအဝင် ဒီပဲယင်း၊ ဝက်လက်၊ စစ်ကိုင်း၊ ဘုတလင်၊ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ မင်းကင်း မြို့နယ်တွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်၊ရာဇဝတ်မှု ကျူးလွန်နေတာကြောင့် ပြည်သူတွေ သတိနဲ့ နေထိုင်ကြဖို့ ဝေဟင် စောင့်ကြည့်ရေးအဖွဲ့ တွေက အသိပေးထုတ်ပြန်ထားပါတယ်။
Photo – Kawlin Info
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



