ရွှေဘိုမှာ စစ်အုပ်စုက စပါးရိတ်ခြွေစက် လာရောက်လုယက်လို့ လယ်ကွင်းထဲ တိုက်ပွဲဖြစ်၊
ကျပ်သိန်းထောင်ချီတန် စပါးရိတ်ခြွေစက်တစ်စီး စစ်အုပ်စု လက်ထဲ ပါသွားပြီး ပြန်မရ၊
ကျပ်သိန်းထောင်ချီတန် စပါးရိတ်ခြွေစက်တစ်စီး စစ်အုပ်စု လက်ထဲ ပါသွားပြီး ပြန်မရ၊
ရွှေဥ /MFP ၊ ဒီဇင်ဘာ – ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တောင်သူတွေ စပါးရိတ်သိမ်းနေချိန် စစ်အုပ်စုနဲ့ ပျူစောထီးတွေက လက်နက်အားကိုးနဲ့ စပါးရိတ်သိမ်းခြွေလှေ့စက်တွေကို လာရောက် လုယက်လို့ လယ်ကွင်းထဲမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်း ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ မြိုက်နဲ့ကင်းဗျားကျေးရွာက တောင်သူတွေ စပါးရိတ်သိမ်းနေချိန် အနီးအနားရှိ မြင်းချင်းရွာ ပျူစခန်းနဲ့ ဇီးကုန်းလေးရွာ ပျူစခန်းထဲနေ စစ်အုပ်စုနဲ့ ပျူတွေက လက်နက်အားကိုးနဲ့ စပါးရိတ်ခြွေစက်တွေ လာရောက် ခိုးယူလုယက်တာလို့ ဆိုပါတယ်။
“ရွှေဘိုမြို့နယ် မြိုက်ကျေးရွာ၊ ကင်းဗျားကျေးရွာတို့မှ ဒေသခံတောင်သူများ စပါးရိတ်သိမ်းနေစဉ် နယ်မြေချင်း ထိစပ်လျှက်ရှိ မြင်ချင်(ပျူ) ရွာ၊ ဇီးကုန်းလေး(ပျူ)ရွာ စခ၊ ပခများမှ စပါးရိတ်စက် နှစ်စီးကို လုယက် ယူဆောင်နေခြင်းအား ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO)နှင့် နယ်မြေခံ ပကဖတို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြည်သူများ၏ စပါးရိတ် နှစ်စီး အနက် တစ်စီးကိုသာ စခ၊ပခများဖက်မှ ယူဆောင်သွားနိုင်ခဲ့ပြီး ကျန်စပါးရိတ်စက် တစ်စီးနှင့် ဘေးတွဲ တစ်စီး၊ ဆိုင်ကယ်တို့အား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များမှ ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါသည်” လို့ ရွှေဘိုမြို့နယ် ပကဖ က ဖော်ပြပါတယ်။
စစ်အုပ်စုနဲ့ ပျူ အင်အား ၂၀ လောက်နဲ့ စပါးရိတ်ခြွေစက်တွေ ခိုးယူလုယက်နေချိန် တော်လှန်ရေးတပ်တွေက ပြန်လည် တိုက်ခိုက်ရာ စပါးရိတ်ခြွေစက် တစ်စီးနဲ့ ခိုးရာပါ ပစ္စည်းတချို့ကို ပြန်လည် သိမ်းဆည်း ရရှိလို့ တောင်သူလက်ထဲ ပြန်လည် ပေးအပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု လေးယောက်ကိုလည်း သုတ်သင်နိုင်ခဲ့တယ်လို့ ရွှေဘို မြို့နယ် ပကဖ တာဝန်ခံ တစ်ဦးက MFP ကို ပြောပါတယ်။
“ထွက်လုတာက စခ၊ ပခ အင်အား ၂၀ ကျော် ရှိပါတယ်။ ပျူရွာအတွင်းက ကူပစ်ပေးတာကတော့ များတယ်ဗျ။ ဇီးကုန်းလေး ပျူရွာ တံတားထိပ်က ကူပစ်တာပါ။ ပစ္စည်းတွေအားလုံး ပိုင်ရှင်တွေထံ ပြန်အပ်ပြီးပါပြီ”
စစ်အုပ်စုနဲ့ ပျူတွေ လာရောက် ခိုးယူလုယက်တဲ့ စပါးရိတ်သိမ်းခြွေလှေ့စက်တစ်စီးဟာ အမျိုးအစားပေါ် မူတည်ကာ ကျပ်သိန်း ၁၅၀၀ ဝန်းကျင် တန်ဘိုးရှိတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
ယခင်နှစ်တွေကလည်း ယခုလို စပါးရိတ်ချိန်နဲ့ စပါးစိုက်ချိန်တွေမှာ စစ်အုပ်စုနဲ့ ပျူတွေက တောင်သူတွေရဲ့ စက်ပစ္စည်းတွေကို လက်နက်ပြ အနိုင်ကျင့်လုယက်တာ၊ လူသတ်လုယက်တာတွေ ကျူးလွန်လေ့ရှိပြီး အဲ့ဒီလို ခိုးယူလုယက်ထားတဲ့ ပစ္စည်းတွကို ပျူစောထီးရွာတွေအတွက် ပြန်လည် အသုံးပြုတယ်လို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ပျူတွေက လက်နက်အားကိုးနဲ့ အကြမ်းဖက် သောင်းကျန်းနေလို့ မြိုက်နဲ့ကင်းဗျားကျေးရွာ အပါအဝင် ရှားတော၊ တဂဏန်း၊ တကောင်း၊ တောင်နှင်း စတဲ့ ကျေးရွာတွေက လယ်ဧဏ ထောင်ချီ မရိတ်သိမ်းနိုင်ဘဲ ရွာခံပြည်သူတွေလည်း ကိုယ်လွတ်ရုန်းကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ရွှေဘိုမြို့ခံ တောင်သူတစ်ဦးက MFP ကို ပြောပါတယ်။
“ရွှေဘို တောင် ထိုးတယ်လေ (ရွှေဘိုနယ်ထဲ စစ်ကြောင်းထိုး)၊ လယ်သမားတွေ မရိတ်ရဘူး၊ ရှားတော၊ တဂဏန်း၊ တကောင်း၊ တောင်နှင်း (ရွာ) တောင်သူတွေက ကိုယ်စိုက်တဲ့ စပါး ကိုယ်မရိတ်ရဘူး။ လယ်ဧကတော့ ထောင် ကျော်မှာဗျ။ လူလွတ်ရုန်းပြီး တိမ်းရှောင်ရတာပ “
လက်ရှိမှာ စစ်အုပ်စုက အင်အား ၈၀ လောက်နဲ့ ရွှေဘိုနယ် အရှေ့ခြမ်း ကျေးရွာတွေနဲ့ ရွှေဘိုနယ် တောင်ဘက်ခြမ်း ကျေးရွာတွေကို စီးနင်း ဝင်ရောက်ကာ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ တွေ့သမျှ တန်ဖိုးရှိပစ္စည်း ခိုးယူ၊ တွေ့သမျှပြည်သူကို ဖမ်းဆီးငွေညှစ်၊ သတ်ဖြတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီးကျေးရွာ ၂၃ ရွာ ရှိပြီး အဲ့ဒီအထဲက တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်တာနဲ့ စခန်းစွန့်ခွာ ထွက်ပြေးတာတွေကြောင့် ပျူစောထီးကျေးရွာ ၁၀ရွာ ပြုန်းတီးပြီး လက်ရှိမှာ ပျူစောထီးရွာ ၁၃ ရွာသာ ကျန်ရှိတော့တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ကျပ်သိန်း ထောင်ချီ တန်ဘိုးရှိတဲ့ စပါးရိတ်ခြွေစက်နဲ့ ရွှေဘိုမှာ စစ်အုပ်စု လက်ထဲက ပြန်လည် တိုက်ယူနိုင်ခဲ့တဲ့ စပါရိတ်ခြွေစက်တစ်စီး/Photo – ရွှေဘို ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



