မန္တလေးသတင်း

သပိတ်ကျင်းနယ်ကနေ စစ်အုပ်စုစစ်ကြောင်း ထိုးစစ်ဆင်ဖောက်ထွက်ပြီးနောက် ဇရပ်ကွင်းကျေးရွာအထိ ပြန်သိမ်းယူ

ထင်လင်း/MFP ၊ ဒီဇင်ဘာ-၁၅

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၄ရက် မနေ့ကတည်းက ဇရပ်ကွင်းရွာ အရှေ့ဘက်မှာရှိတဲ့ အုန်းဇုန်းကျေးရွာအထိ စစ်ကြောင်းရောက်ရှိလာပြီလို့  ဒီနေ့မှာတော့ စစ်ကြောင်းဆက်ထိုးဖို့ ပြင်ဆင်နေပုံရတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လတ်တလောမှာတော့ အဲဒီဒေသတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားနေပြီး ဇရပ်ကွင်းကျေးရွာနဲ့ သုံးမိုင်ကျော်အကွာက လိပ်ကျနဲ့ ကွင်း၃၀ ကျေးရွာတွေဘက်အထိ စစ်အုပ်စုက ထိုးစစ်ဆင်ဖို့ ဆက်လက်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ဇရပ်ကွင်းကို အပြည့်ရသွားပြီ၊အုန်းဇုန်းထိ ပေါက်ပြီ၊ လိပ်ကျဘက်နဲ့ ကွင်းသုံးဆယ်ဘက် ထိုးဖို့ လုပ်နေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေးနဲ့မိုးကုတ်လမ်းပေါ်ဇရပ်ကွင်းကျေးရွာ အလယ်မှာရှိတဲ့ ကွန်ကရစ်တံတားကိုလည်း မနေ့ကမိုင်းခွဲ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတားမိုင်းခွဲဖျက်ဆီးမှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ MFPအနေနဲ့ အတိအကျ မသိရသေးပါဘူး။

စစ်အုပ်စုစစ်ကြောင်းရဲ့ထိုးစစ်တွေ ရှေ့တိုးလာတာကြောင့် လိပ်ကျ၊ ရေထွက်၊ ကမ်းပါးနီ၊ ကျောက်ဖြူ၊ အုန်းဇုန်း၊ ကွင်း၃၀၊ ကွင်း၂၉ စတဲ့ ကျေးရွာတွေက ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ခုနစ်မိုင်ကျေးရွာအနီးမှာ တစ်နှစ်ကျော်ကြာ ပိတ်ဆို့ခံထားရတဲ့ စစ်အုပ်စုဟာ အခုနှစ် ဇွန်လကတည်းက ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဇူလိုင်လအတွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ ထိမ်းချုပ်ထားရာ သပိတ်ကျင်းမြို့ကို ပြန်လည်သိမ်းယူသွားတာဖြစ်ပါတယ်။

မြို့ကိုသိမ်းပိုက်ပြီးနောက် စစ်အုပ်စုတပ်က ရေကြောင်းနဲ့ လေကြောင်းကနေ စစ်ကူပို့ကာ အင်အားဖြည့်တင်းပြီးနောက် လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထားဗုံးကြဲနေသလို မြေပြင်စစ်ကြောင်းတွေကလည်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် မန္တလေး-မတ္တရာ-ဖော့တော-မိုးကုတ်လမ်းပိုင်းကို ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖော့တောကျေးရွာလမ်းဆုံကို  ဆက်လက် သိမ်းယူသွားပါတယ်။

စစ်အုပ်စုဟာ တရုတ်နဲ့ ရုရှရဲ့ အကူအညီနဲ့ ဒရုန်းနဲ့ လေကြောင်းကို အလွန်အမင်း အသုံးပြုကာ ဖောက်ထွက်လာတာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရဲ့ တောင်ဘက်ခြမ်းကို ပြန်လည်ထိမ်းချုပ်နိုင်ဖို့ အားစိုက်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Photo – ပတ္တားမြေမိုးကုတ်မြို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button