မန္တလေးသတင်းအညာမြေ တော်လှန်ရေး

စဉ့်ကူးနယ်  စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်း မရောက်မီ ရွာတွေကို ဗုံးပတ်ကြဲ၊

ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၁၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးထားတဲ့ လက်ပံလှကျေးရွာကို ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်နေတယ်လို့ သတင်းရရှိပါတယ်။

လက်ပန်လှကျေးရွာ စျေးအနီးကို ဒီဇင်ဘာ ၁၅ရက် ညနေ ၆နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦး လေဆိပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“လက်ပန်လှစျေးအနီးမှာ စကစရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့် စျေးဆိုင်များနဲ့ ပြည်သူနေအိမ်များ မီးလောင်နေတာ ဖြစ်ပါတယ်။ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေတာကြောင့် မီးလောင်ပြင်ကို ငြိမ်းသက်နိုင်ဖို့ မီးသတ်ကား မရှိတာနဲ့ လူအင်အား မရှိတာကြောင့် တစ်ရွာလုံး မီးဘေး မကျရောက်ဖို့အတွက်တော့ အတော်ကြိုးစားရမှာပါ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာ ၁၁ရက်ကလည်း လက်ပံလှကျေးရွာ ပြည်စိုးအောင်ရပ်ကွက်ထဲကို စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲ၊ လေယာဉ် အနိမ့်ပျံဝဲကာ စက်သေနတ်နဲ့ပါ ရမ်းကား ပစ်ခတ်တယ်လို့ ပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရပြီး အိုးအိမ်အဆောက်အဦးတွေလည်း မီးလောင် ပျက်စီးခဲ့ပါသေးတယ်။

စဉ့်ကူးနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းမရောက်မီ လက်ပန်လှကျေးရွာ အပါအဝင် ကျေးရွာတွေ၊ လူနေရပ်ကွက်တွေနဲ့ အရပ်သားပစ်မှတ်တွေကို စိတ်ထင်တိုင်း ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စဉ့်ကူးတနယ်လုံးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ စဉ့်ကူးနယ်ထဲ ပြန်လည် ခြေချနိုင်ဖို့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်တွေ အနေနဲ့ ကျေးရွာတချို့ကို လက်လွှတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးနယ် အပါအဝင် မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ပြန်လည် ကြိုးစားနေကာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ စဉ့်ကူးနယ်ထဲအထိ ဝင်ရောက်လာပြီး လက်ပံလှရွာနဲ့ ငါးမိုင်ကျော်အကွာ၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ရွှေပြည်ကျေးရွာအထိ ရောက်ရှိလာပြီလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းကို အဓိက အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံ စတဲ့ အရပ်သားပစ်မှတ်တွေကိုပါ ထင်တိုင်းကျဲ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ရာမှာ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

စဉ့်ကူးနယ် လက်ပန်လှရွာ စျေးတန်းကို ဒီဇင်ဘာ ၁၅ရက်မှာ စစ်အုပ်စုက ဗုံးကြဲလို့ နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်နေစဉ်/Photo – P Z K

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button