စစ်ကိုင်းသတင်း

မုံရွာနယ်တောင်ခြမ်း ရွာတွေကနေ လုယက်မီးရှို့ပြန်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး၊

MN/MFP ၊ ဒီဇင်ဘာ – ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို ဒီဇင်ဘာ ၁၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ စီးနင်းလုယက်မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးဦး သေဆုံးတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မုံရွာမြို့တောင်ဘက် စွမ်းရည်ထက်ဆီဆိုင် စစ်အုပ်စုအထိုင်စခန်းကနေ ထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းဟာ ထနောင်းတော(တောင်-မြောက်)ရွာ၊ မင်းကုန်း၊ မြင်သာ၊ ဆူးလေကုန်း၊ ပေါက်ပင်၊ နဂါးတွင်းစတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် နဂါးတွင်းနဲ့ ပေါက်ပင်ရွာက နေအိမ် ၅၀ ကျော်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

နေအိမ်တွေကို ဖောက်ထွင်းလုယက်မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာခဲ့တဲ့ စစ်အုပ်စုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) – တိုက်နယ် (၃) နဲ့အတူ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မျက်မြင် ရန်သူ စစ်အုပ်စု သုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မုံရွာ-ပကဖက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ဒဏ်ရာ မရဘဲ စစ်အုပ်စုသုံးဦးတော့ မျက်မြင်သေဆုံးခဲ့တယ်လို့လည်း တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“မနေ့တုန်းက ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ (စခ)တွေ ထိတွေ့မှုဖြစ်ခဲ့တာ။ (စခ) သုံးကောင် ရခဲ့ပါတယ်ဗျ”

စစ်အုပ်စုနဲ့ပျူတွေက မနေ့က နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့ခဲ့တာကြောင့် နဂါးတွင်းရွာက နေအိမ် ၄၉ လုံးနဲ့ ပေါက်ပင်ရွာက နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မုံရွာနယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ပျူတွေက မြေပြင်စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းက ဗုံးသီးချတိုက်ခိုက်တာတွေ ကျူးလွန်နေတာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ မကြာခဏကြုံတွေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button