သုထက်/MFP၊ ဒီဇင်ဘာ – ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဇီးတောရွာကို ဒီဇင်ဘာလ ၁၅မှာ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးဦးကို သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။
မန္တလေးအခြေစိုက် တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး လတ်တလော လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ ကိုအဲတူး၊ ကိုခွေးမောင်၊ ကိုညိုလှ၊ ကိုဆံရှည်နဲ့ အမည်မသိ အမျိုးသားတဦးဖြစ်တယ်လို့ ယင်းမာပင်မြိုနယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့ခင်း ၁ နာရီထိုးခါနီး လာပစ်တာ၊ စစ်ကြောင်းလဲမထိုးဘူး၊ စစ်ကောင်စီက ရွေးကောက်ပွဲကြောင့် ခုလိုလုပ်နေသလားတောင် ထင်မိတယ်။ရုပ်အလောင်းတွေက တစစီဖြစ်သွားတယ်၊လူငယ် သုံးယောက်လည်းထိတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတဦးက MFP ကိုပြောပါတယ်။
ယင်းမာပင်မြို့နယ်က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းအဝေးပြုလုပ်နေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
ဒါ့အပြင် ဒီဇင်ဘာလ ၁၆ ရက် တစ်ရက်ထဲမှာပဲ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ခင်ဦးမြို့နယ်တွေကို ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ ဗုံးအလုံးရေ လေးဆယ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးအပါဝင် ကိုးဦးသေဆုံးခဲ့ပါတယ်။
စစ်အုပ်စုတပ်ဟာ အခုနှစ် ဒီဇင်ဘာလအထဲမှာပဲ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ရခိုင်ပြည်နယ်တို့ကို သိန်းဌက်မင်းစစ်ဆင်ရေးအောက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



