ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေ၊
မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ကားနဲ့ သယ်ထုတ်၊
မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ကားနဲ့ သယ်ထုတ်၊
သုထက်/MFP၊ ဒီဇင်ဘာ – ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းဗုံးကြဲနေတဲ့ စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၁၇ရက် ညနေပိုင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ဖောကားတွေနဲ့ ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ သံပြားကာကား ငါးစီးနဲ့ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ကာ အောင်ဇေယျမြို့သစ်ကတဆင့် ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေပြီး ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲကာ အခုလို မီးရှို့၊ ဖောက်ထွင်းလုယက်၊ ခိုးယူနေတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ရက် ဒီကနေ့ မနက် ၁၀နာရီအချိန် ယင်းမာပင်နယ် ကျောက်မှော်နဲ့ ပန်းတိမ်ပြင်ရွာတွေကို စစ်အုပ်စု စီးနင်းပြီးနောက် ရွာကို မီးရှို့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ရွာကို မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ ကြောင်အိမ်၊ ဗွီရို၊ ရေခဲသေတ္တာ၊ စလောင်း၊ ဆန်၊ဆီ စတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူပြီး ဒိုင်နာ၊ဖောကားတွေနဲ့ အောင်ဇေယျအကျိုးကန်းကုန်းဆီ သယ်ဆောင်သွားတယ်လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“သူခိုးစစ်သားတွေက ပစ္စည်းတွေ ခိုးတယ်၊ ပြီးတော့ ရွာတွေကို မီးရှို့တယ်၊ အနားကပ်မရတော့ ရွာအရေတွက်နဲ့ အိမ်ခြေအရေတွက် မခန့်မှန်းနိုင်ဘူး၊ ညနေ ၆ နရီကျော်ထိ မီးတောက်မြင်ရတုန်းပဲ”
အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင်နယ်ရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းပတ်၊ ကျွန်းပေါ်၊ နှောပင်၊ ကျားလျာ စတဲ့ ကျေးရွာ ခြောက်ရွာထက်မနည်းကို မြေပြင်စစ်ကြောင်းက စီးနင်းကာ ဖောက်ထွင်းခိုးယူ မီးရှို့နေပြီး မုံရွာ နမခ က တက်လာတဲ့ ပါရာမော်တာ – စက်တပ်လေထီးနဲ့လည်း ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ နဘူးတော၊ သံပုရာပင်ရိုး၊ ကျော်မှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း၊ နဘူးတော စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ နယ်မြေ စိုးမိုးနိုင်ရေးအတွက် အထက်ပါ ယင်းမာပင်နယ် ကျေးရွာတွေ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ယင်းမာပင်နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ရွာတွေကို စီးနင်းလုယက် ဖောက်ထွင်းခိုးယူ မီးရှို့နေပြီး လေကြောင်းက ဗုံးပတ်ကြဲနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



