စစ်ကိုင်းသတင်း

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ခရီးသွားနဲ့စစ်ရှောင် ရာနဲ့ချိီပိတ်မိနေတဲ့ မြေနီရှိုလမ်းဆုံကို စစ်အုပ်စုဗုံးကြဲ၊

ဆီခြံမှာ စတားလင့်ခ်အင်တာနက် သုံးနေကြတဲ့ ခရီးသွားပြည်သူ ဆယ်ဦးထက်မနည်းသေဆုံး နှစ်ဆယ်ကျော် ဒဏ်ရာပြင်းထန

နန်းယု/MFP၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က မြေနီရှိုလမ်းဆုံမှာရှိတဲ့ အောင်ဇေဆီခြံကို ဒီဇင်ဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီမှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်ရာမှာ ခရီးသွားပြည်သူတွေ ဆယ်ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ နှစ်ဆယ်ကျော်ရှိနေတယ်လို့ ခင်ဦးမြို့နယ် စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီလမ်းဆုံနဲ့ ကိုက်နှစ်ရာပတ်လည်မှာရှိတဲ့ အောင်ဇေဆီခြံကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ရော့ကတ်နဲ့ဆီပေပေါတွေကို ပစ်ခတ်ပြီးနောက် ပေါင်သုံးရာဗုံးတွေ ကြဲချခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခဲ့ရတဲ့ အောင်ဇေဆီခြံမှာ ရွှေဘို-မြစ်ကြီးနားလမ်း ပိတ်ဆို့ထားတာကြောင့် ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေနဲ့ စျေးသည်စတဲ့ လူပေါင်း လေးဆယ်ထက်မနည်း စတားလင့်ခ်အင်တာနက်တွေ အသုံးပြုနေကြတယ်လို့ လေကြောင်းပစ်ခတ်မှုကို မျက်မြင်ကြုံလိုက်ရတဲ့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လေကြောင်းတက်လာတယ်လို့ အသိကလာပြောပြီး ပြောတဲ့သူက ခြံပြင်မရောက်သေးဘူး ဂျက်ဖိုက်တာနဲ့ကြဲသွားပြီ။ မျက်စိရှေ့တင် လည်ပင်းပြတ်သေတာတစ်ဦး ဗိုက်ပေါက်ထွက်တာက တစ်ဦးပါ။ ရော့ကတ်တွေနဲ့ ပစ်သွားတော့ ဆီပေပါလေးလုံးကလည်း ချက်ချင်းကို မီးလောင်သွားတာ။ ကျွန်တော်တို့လည်း အနားကိုကပ်မရဘူး။ ဂျိုင်ရိုကော်ပတာတွေပါ တက်လာတော့ နောက်ဆုတ်ထွက်ပြေးလာရတယ်။ အခုထိအလောင်းမကောက် နိုင်ကြသေးသလို မီးလည်းမငြိမ်းနိုင်သေးဘူး”

ခင်ဦးနယ် ရွှေဘို–မြစ်ကြီးနားလမ်းပေါ်ရှိ မြေနီရှိုလမ်းဆုံကို ဒီနေ့ ဒီဇင်ဘာ ၁၈ ရက် ၁၂နာရီကစပြီး ဂျက်ဖိုက်တာ ငါးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးတွေအဆက်မပြတ် ပစ်ချခဲ့တာဖဖြစ်ပြီး အဲဒီလမ်းမပေါ်မှာ ရပ်နားထားတဲ့ ခရီးသည်ကား လေးစီးထက်မနည်း မီးကူးစက်ပြီး လောင်နေတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ကန့်ဘူလူနယ်ရေကြည်ဦး စစ်အုပ်စုအထိုင်စခန်းကနေ လမ်းကိုပိတ်ဆို့လိုက်တာကြောင့် ခရီးသည်တင်ကား၊ ကုန်တင်ကား၊ ဆီဘောက်ဆာစတဲ့ ခရီးသွားကားအစီးရေ ထောင်နဲ့ချီ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်အုပ်စုလေကြောင်းရန်ကြောင့် ပစ်ခတ်ခံထားရတဲ့ ခရီးသွားတွေနဲ့ မီးလောင်ကျွမ်းနေတာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။

“မနေ့မနက်ကစပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ လေကြောင်းက မနားတမ်းပစ်နေတာပါ။ အခုနေ့လယ် ၂ နာရီ ၁၅ မိနစ်အထိ ဂျက်ဖိုက်တာ ၅ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ထပ်မံတိုက်ခိုက်နေဆဲပါ ။ပြည်သူတွေက ကန့်ဘလူနယ် ဘူးကုန်း ၊ ကျီကျင်းဘက်ကနေပြီးတော့ လမ်းက ပိတ်ထားတာ ရွှေဘို မြစ်ကြီးနားလမ်းပေါ်မှာ ကားတွေက ဆီလှောင်ကန်ကားတွေရော ခရီးသွား ကားတွေရော လမ်းပေါ်မှာ အများကြီးရှိတယ်။ အဲဒီနားမှာ (မြေနီရှို လမ်းဆုံ) ပေပါလှောင်တဲ့ နေရာတွေ မှန်တဲ့နေရာတွေရှိတယ်။ ဒီနေ့ဆို ဆီခြံတွေမှန်တော့ မီးကတောက်လျှောက် လောင်နေတယ်။အခုလည်း လောင်နေတုန်းပဲ ဆီလှောင်ကန်တွေရှိတော့ မီးတွေလောင်နေတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်းဘက်ကနေ စစ်ဘေးတိမ်းရှောင်လာကြတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေကို အမှတ်-၃ လမ်းဆုံအနီးမှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုတပ်ဟာ သိန်းဌက်မင်းစစ်ဆင်ရေးအောက်ကနေ စစ်ကိုင်း၊မကွေးနဲ့ချင်းပြည်နယ်တို့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ ထိမှန်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button