သတင်း

စစ်ကြောင်းနှစ်ကြောင်း ညှပ်ပိတ်ထိုးနေတဲ့ ဖလမ်းမြို့နယ်မှာ နှစ်ပတ်ကျော် တိုက်ပွဲပြင်းထန်နေ၊

တစ်ပတ်ကျော်အကြာ ဓားစာခံဖမ်းဆီးခံထားရတဲ့ အရပ်သား ၂၃ ဦးပြန်လွတ်မြောက်လာ

ရွှေဥ/MFP၊ ဒီဇင်ဘာ ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတပ် နှစ်ပတ်ကျော် တိုက်ပွဲပြင်းထန်နေသလို တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေကို အဆက် မပြတ်ဗုံးကြဲနေတယ်လို့ ချင်းညီနောင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုတပ်စစ်ကြောင်းဟာ အောက်တိုဘာ ၂၉ ရက်နေ့ကနေ အခုလ ၅ရက်နေ့အထိ ကလေး – နတ်ချောင်း- ဝေဘူလမြို့လမ်းကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး -တီးတိန်-ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း နှစ်ကြောင်းနဲ့ ဖလမ်းမြို့နယ်အတွင်းကို ဝင်ရောက်နေတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်တွေကို ဖလမ်းမြို့နဲ့ ၁၀ မိုင် အကွာမှာရှိတဲ့ သွာလ်ဇဲ့(Tualzeh)ကျေးရွာနဲ့ ခွန်းမွှာလ်(Khuangmual )ရွာအနီးမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ချင်းညီနောင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ပွဲက နေ့တိုင်း ဖြစ်တယ်လေ၊ အခုလဲ ဖြစ်နေတုန်းပါပဲ ၊သူတို့ ထိုးနေတာ နှစ်လလောက် ရှိပြီးတော့ ရှေ့ဆက်တော့ မတိုးနိုင်သေးဘူး “

တိုက်ပွဲဖြစ်ပွားနေချိန် တစ်ဆက်တည်းမှာပဲ စစ်အုပ်စုတပ်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဆွမ်းဟရန်ရွာသစ်နဲ့ ရွာဟောင်းကို နှစ်ကြိမ် ၊ဒီဇင်ဘာလ ၉ ရက်မှာတော့ ဖလမ်းမြို့နယ် လဲင်ဟိုင်းကျေးရွာနဲ့ မန်းခဲန်းကျေးရွာကို သုံး ကြိမ် ၊ဒီဇင်ဘာ ၁၀ ရက်မှာ ဟိုင်းမွာလ်ရွာနဲ့ တုန်းတူလ်ရွာကို တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဘုရားကျောင်း၊စာသင်ကျောင်း ၊နေအိမ်နှစ်ဆယ်နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ ဒီဇင်ဘာ ၁၁ ရက်မှာ Sumhrang ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ တိုက်ပွဲ ဖြစ်ပွားရာ နေရာကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ၊ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ကျော် ပြုလုပ်ခဲ့တာ ဖြစ်ပြီးတာကြောင့် နေအိမ်နဲ့အဆောက်အဦး ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ်ကို စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒီဇင်ဘာလမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့
ဦးဘွဲဆန်း၊ဒေါ်စုကီလ်း၊ ကျုံးလျန်မန်း၊ ဗန်ဘွဲမွောင် ၊ဦးရန်းလမ်း၊ ဦးဆွီးလိန်ပြန်း၊ မောင်ဆန်ခေါကိမ်း၊ မောင်ကိမ်းလမ်း၊ ဦးစုခေါထန်း၊ ဦးနွန်ခေါသင်အပါအအဝင် ဒေသခံ ၂၃ ဦး ဒီဇင်ဘာ ၁၂ရက်နေ့မှာ ပြန်လွတ်မြောက်တယ်လို့ အကူအညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။

“အားလုံး ၂၃) ဦးလုံး ပြန်လွတ်လာပြီ၊ ငွေတောင်းတာတို့ ၊ရိုက်တာ နှက်တာတို့တော့မခံရဘူးလို့ ပြောတယ်”

ဖမ်းဆီးခံရသူတွေ ဟာဘွားလ်ခွားရွာမှာ နေထိုင်ကြသူ‌တွေဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နဲ့ ၁၀ ရက်တို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး တစ်ပတ်ကျာ်အကြာမှာ ပြန်လည် လွတ်မြောက်လာကြတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာတော့ ဖလမ်းမြို့နယ်အပါအဝင် တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာ ကြောင့် ထေးဇန် ၊ဆွလိမ်၊အာလွယ်၊သိုင်းငင်း ၊ဆဲဇန်၊ဟိန်ဇိန် ၊ဆိုဇန် ၊မွာလ်ပီး လိုင်ဗား၊တလန်းဇာရ်၊တလန်းဇာရ်၊လုမ်းဘန်း ၊ပါရ်သဲ၊ထင်းရှုးမြိုင် ၊ဗားရ် ၊ဝေဘူလမြို့ စတဲ့ ကျေးရွာ ပေါင်း (၂၀) ကျော် နှစ်လကျော် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင် နေရပြီးတော့ ဒီနေ့တိုင် နေရပ်မပြန်နိုင်သေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဟားခါး၊ ထန်တလန်၊တီးတိန် ၊ ခိုင်ကမ်း မြို့နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button