အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပခုက္ကူနယ်အစပ်မှာရှိတဲ့ ဇောင်ဂျမ်းကုန်းရွာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုနဲ့နောက်လိုက်ပျူစောထီး စစ်ကြောင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေအိမ်တွေက ဒေသခံတွေသိုလှောင်ထားတဲ့ ရိက္ခာတွေကိုပါ ခိုးယူသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြိုင်နယ်တောင်ပိုင်း တွင်းမပျူစောထီးစခန်းကိုရောက်နေတဲ့ စစ်အုပ်စုနဲ့ပျူစောထီး ခန့်မှန်းအင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ တွင်းမစခန်းအရှေ့ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ဇောင်
ဂျမ်းကုန်းနဲ့ အိုရင်းရွာတို့ကို ဝင်ရောက်ပြီးနောက် ဇောင်ဂျမ်းကုန်းရွာက နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ 8+တပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မနက် ၈နာရီလောက်က စပြီးမိးရှို့တာ၊အိမ်ခြေက ၆၀ ဝန်းကျင်ရှိတာကို ၂၅ လုံးလောက် မီးလောင်သွားတာပေါ့၊ ရွာကို အရင်တခါစစ်ကြောင်းဝင်တုန်းက ဒရုန်းနဲ့ချတာကို သူတို့ အထိနာပြီး အဲဒါကြောင့်မီးရှို့တာလို့ ထင်နေတာ”
ဇောင်ဂျမ်းကုန်းရွာဟာ အိမ်ခြေ ၆၀ ခန့် လူဦးရေ နှစ်ရာကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းက ရွာတွေကိုဝင်ရောက်စီးနင်းပြီးနောက် ဆန်နဲ့ရိက္ခာတွေကို ခိုးယူကာ တွင်းမပျုစောထီးစခန်းကို အစောင့်အရှောက်နဲ့ သယ်ယူသွားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်ညပိုင်းမှာတော့ စစ်အုပ်စုနဲ့ပျူစောထီးစစ်ကြောင်းက အိုရင်းကျေးရွာက ရိက္ခာတွေကိုခိုးယူစားသောက်ပြီး ညအိပ်တပ်စွဲကာ ဒီနေ့ မနက်ပိုင်းမှာတော့ သရက်ကန်ပျူစောထီးစခန်းကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
တွင်းမပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ရိက္ခာတွေ ဖြတ်တောက်ထားတာ နှစ်နှစ်နီးပါးရှိလာတာကြောင့် အနီးအနားမှာရှိတဲ့ ရွာတွေကို လှည့်လည်စစ်ကြောင်းထိုးကာ ရိက္ခာတွေကို ခိုးယူစားသောက်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အဲဒီပျူစောထီးစခန်းမှာ ပျုူစောထီး ၅၀ ကျော်နဲ့ စစ်အုပ်စု ၁၅၀ ခန့်ရှိနေပြီး မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်းသွားရာလမ်းတလျောက်က ဒေသခံပြည်သူ လေးထောင်ခန့်ဟာ စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး လေကြောင်းအန္တရာယ်ကြောင့် ကျေးရွာတွေကို ဒီနေ့အထိ ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



