စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်နယ်ထဲ လေးရက်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ကျေးရွာ ခြောက်ရွာ မီးရှို့ဖျက်ဆီး၊

ရွာကို မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်၊

သုထက်/MFP၊ ဒီဇင်ဘာ – ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကို ဒီဇင်ဘာ ၁၆ရက်က စတင်ကာ လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက လေးရက်အတွင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ သယ်ထုတ်ပြီးနောက် နောက်ပြန်ခေါက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်ရှိ၊ ကျောက်မော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာ စတဲ့ ရွာတွေကို စစ်အုပ်စုက မီးရှိ့ဖျက်ဆီးခဲ့ပြီး အဆိုပါ ကျေးရွာတွေအပြင် ပန်းတိမ်ပြင်ရွာက နေအိမ်တွေကိုပါ ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူ သယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက လေးရက်ထိုးသွားတာ၊ ၁၉ရက်နေ့က ထွက်သွားပြီ။ (မီးလောင်ပြာကျတဲ့အိမ်ခြေ) စာရင်းတော့ အတိအကျ မကောက်ရသေးဘူး၊ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းဆိုတော့ ပြည်သူတွေကိုလည်း ပြန်မကပ်ခိုင်းသေးဘူး” လို မီးဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။

ကနဦးကောက်ယူရရှိတဲ့ စာရင်းအရ စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အဲ့ဒီ ကျေးရွာခြောက်ရွာက အိမ်ခြေ ၂၀၀ ထက်မနည်း မီးလောင်ပြာကျခဲ့ပြီး ဖောက်ထွင်းခိုးယူခံရတာကတော့ အိမ်တိုင်းနီးပါး ဖောက်ထွင်း ခိုးယူခံရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ သံပြားကာကား ငါးစီးနဲ့ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ကာ အောင်ဇေယျမြို့သစ်ကတဆင့် ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးပြီး ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲကာ အခုလို ဖောက်ထွင်း ခိုးယူ မီးရှို့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ရွာကို မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ ကြောင်အိမ်၊ ဗွီရို၊ ရေခဲသေတ္တာ၊ စလောင်း၊ ဆန်၊ဆီ စတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူပြီး ဒိုင်နာကား၊ ဖောကားတွေနဲ့ အောင်ဇေယျ အကျိုးကန်းကုန်းဆီ သယ်ထုတ်သွာတယ်လို့ ကိုယ်တိုင်စစ်ရှောင်နေရတဲ့ ကျော်မော်ရွာခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ နဘူးတော၊ သံပုရာပင်ရိုး၊ ကျော်မော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း၊ နဘူးတော စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဒီဇင်ဘာ ၁၆ရက်က စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ နယ်မြေ စိုးမိုးနိုင်ရေးအတွက် ယင်းမာပင်နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို လေကြောင်းဗုံးကြဲတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးကာ ရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – Pyae Aung Naing

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button