စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

ဝက်လက်နယ်ထဲ စစ်ဘေးရှောင်တွေ မဝင်နိုင်အောင် စစ်အုပ်စုက မြစ်ရိုးတလျှောက် ပိတ်ဆို့ထား၊

ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦးနယ်ထဲ လမ်းဆုံလမ်းမနဲ့ မြစ်ကူးဆိပ်တွေကို ဗုံးပတ်ကြဲနေသလို မြစ်အတွင်း ရေယာဉ်တွေကိုလည်း ပစ်ခတ် သတ်ဖြတ်နေ၊

ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦးနယ်ထဲ လမ်းဆုံလမ်းမနဲ့ မြစ်ကူးဆိပ်တွေကို ဗုံးပတ်ကြဲနေသလို မြစ်အတွင်း ရေယာဉ်တွေကိုလည်း ပစ်ခတ် သတ်ဖြတ်နေ၊

ရွှေဥ၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၁

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ် ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးနေတဲ့ ပြည်သူတွေ ဝက်လက်နယ်ထဲ မဝင်ရောက်နိုင်အောင် အာဏာသိမ်း စစ်အုပ်စုက မြစ်ရိုးတလျှောက် အင်အားဖြည့်ကာ ပိတ်ဆို့ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၇ရက်က စလို့ ဝက်လက်နယ် ရှိမ်းမကားစခန်းနဲ့ စစ်ကိုင်းမြို့နယ် မင်းကွန်းဘက်ကနေ ဧရာဝတီမြစ်ရိုးတလျှောက် စစ်ကြောင်းထိုးနေသလို ဝက်လက်နယ် အမှတ် ၃ ကားလမ်းကိုလည်း ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

“စစ်ကိုင်းနဲ့ မင်းကွန်းကနေ ထိုးလာတဲ့ စစ်ကြောင်းက (ဒီဇင်ဘာ ၁၈မှာ) တပ်သာ (တပ်သာ ခေါ် တိုက်ရွာ ခေါ် တပ်ရွာ) အပေါ်ရွာနဲ့ အောက်ရွာ အနီး၊ ရှိမ်းမကားအနီးကို ရောက်နေတယ်” လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network က ကိုနဂါးလေးက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ဝက်လက်၊ စစ်ကိုင်းနဲ့ မတ္တရာ သုံးမြို့နယ်အစပ်၊ စစ်ကိုင်းနယ်ရှိ စဉ့်ကိုင်တောင်နဲ့ တလိုင်းရွာ၊ ဝက်လက်နယ်ရှိ စဉ့်ကိုင်မြောက်၊ တိုက် (တပ်သာ)အထက်၊ တိုက်(တပ်သာ)အောက်ရွာ၊ ငါးရယ်၊ တမာကန်၊ ငါးတိုက်တောင်၊ မင်းကုန်းလေးရွာနဲ့ မတ္တရာနယ်ရှိ ရေလယ်ကျွန်း၊ မိုးကြိုး၊ ရွာတန်းရှည်၊ သဲကျွန်းရွာစတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စဉ့်ကူးနဲ့ မတ္တရာနယ်က စစ်ဘေးရှောင်ပြည်သူတွေ ဝက်လက်နယ်ထဲ မဝင်နိုင်အောင် မြစ်ရိုးတလျှောက် ပိတ်ဆို့ထားတာ ဖြစ်ပြီး ဝက်လက်နယ် အမှတ် ၃ ကားလမ်းကိုလည်း စစ်အုပ်စုက ပိတ်ဆို့ထားကာ ခရီးသွားတွေကို လက်နက်ပြ မိုက်ကြေးခွဲ၊ ရန်ပြု သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

“ဝက်လက်ကကြတော့ စစ်ကြောင်းက စစ်ကိုင်းနဲ့ ချုပ်စပ်ပေါ့၊ တပ်ရွာ၊ ငါးရယ်၊ ရှိမ်းမကားကနေ ထွက်တဲ့ စစ်ကြောင်း၊ ရွှေဘို ဘက်က ထွက်တဲ့ စစ်ကြောင်းကကြတော့ ရွှေဘိုနဲ့ဝက်လက် ချုပ်စပ်။ ဒါပေမယ့် ဝက်လက်နယ်ထဲ မရောက်သေးဘူး” လို့ ဝက်လက်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေ ပိတ်မိနေတာမျိုး မရှိဘဲ အမှတ် ၃ လမ်းမပေါ်မှာ ခရီးသွားကားတချို့ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်တွေက ပိတ်မိနေတဲ့ အခြေအနေတော့ မရှိဘူး။ တပ်ရွာ အောက်ရွာ၊ တမာကန်ရွာ အဲ့နား တဝိုက်က ရွာတော့ စစ်ရှောင်နေရတယ်။ လောလောဆယ်ကတော့ တိုက်ပွဲ ဖြစ်နေတာ မရှိဘူး” လို့ ဝက်လက်ဒေသခံက ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၆ ရက်က ဝက်လက်နဲ့ ရွှေဘိုနယ်အစပ်၊ ရွှေဘိုနယ် အရှေ့မြောက်ခြမ်း မအူလမ်းခွဲထိပ်နဲ့ အမှတ် ၃ လမ်းမပေါ်ကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ ငါးကြိမ်၊ ရွှေဘိုနယ် အရှေ့တောင်ခြမ်း ဂွေးကုန်းရွာအနီးကို လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ခရီးသွားကားသမား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းသာ ခြားပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီး၊ တံတားဦး လေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံပြီး ရွှေဘိုနယ် ဂွေးကုန်းရွာအနီးကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ခရီးသွားလာနေတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ အဖွားအိုတစ်ဦး အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုဟာ မတ္တရာနဲ့ စဉ့်ကူးနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး နိုဝင်ဘာလကုန်ပိုင်းက စတင်ကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေအပေါ် ဗုံးပတ်ကြဲလို့ နိုဝင်ဘာ တစ်လတည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်အုပ်စုက လေကြောင်းဗုံးကြဲသလို မြေပြင်စစ်ကြောင်းကလည်း တွေ့သမျှပြည်သူကို ဖမ်းဆီး၊ သတ်ဖြတ်နေလို့ မတ္တရာနဲ့ စဉ့်ကူးနယ်ကျေးရွာတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ရက်နဲ့ ၁၆ရက်ကလည်း မတ္တရာနဲ့ စဉ့်ကူးနယ်အစပ် ရေတော်ရွာထဲ ရောက်ရှိလာတဲ့ စစ်အုပ်စုက ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ရာ ခရီးသွားပြည်သူတွေ ဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုက ရန်ပြု သတ်ဖြတ်နေလို့ ဝက်လက်နယ် အမှတ် ၃ ကားလမ်းကို အသုံးမပြုကြဖို့နဲ့ မြစ်ရိုးတလျှောက် အသွားအလာ ဂရုစိုက်ကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းထားပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့ကို လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ကာ ဒီဇင်ဘာ ၁၈ရက်မှာ ပြန်ရသွားတဲ့ စစ်အုပ်စုက လေကြောင်းရန်ကြောင့် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကို PDF တွေအဖြစ် စွပ်စွဲကာ လိုက်လံ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်အထိ သုံးရက်တာအတွင်း ရွှေဘို၊ ဝက်လက်နဲ့ ခင်ဦးနယ်က ဧရာဝတီ မြစ်ကူးဆိပ်တွေနဲ့ လမ်းဆုံလမ်းမတွေကို စစ်အုပ်စုက အကြိမ်ရေ ဒါဇင်နဲ့ချီ ဗုံးကြဲရာ စစ်ဘေးရှောင်နဲ့ ခရီးသွားတွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲ့ဒီ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး PDF တွေမို့ လိုက်လံ ဗုံးကြဲ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက်မှာ နိုင်ငံပိုင် ရုပ်သံတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

တချိန်တည်းမှာပဲ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ဒီဇင်ဘာ ၈ရက်က စတင်ကာ စစ်အုပ်စုက ပိတ်ဆို့ထားပြီး အထက်ပါအတိုင်း မြစ်ကူးဆိပ်တွေ၊ လမ်းဆုံလမ်းမတွေကို လေကြောင်းတိုက်ခိုက် နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ် ပိတ်မိနေတဲ့ ကားအစီးရေ ထောင်ချီရှိပြီး စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲနေလို့ ခရီးသွားတွေ အနေနဲ့ လေကြောင်းအန္တရာယ်က ကင်းလွတ်မယ်ထင်တဲ့ နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ခင်ဦးနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။

“မန္တလေး စစ်ရှောင်တွေက တအားများတာကိုး၊ လမ်းတလျှောက် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့ ရှိနေတာ။ နေပူရတဲ့အထဲ ကွန်ကရစ်တံတား အောက်တွေမှာ လိုက်ပုန်းနေကြရတာ၊ ညဘက်တွေဆိုလည်း ဆိုင်ကယ်လေးတွေ ဘေးထိုးပြီး ခွေခေါက်အိပ်နေကြတာ”

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၇ရက်က စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ ခင်ဦးနယ်ဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ဧရာဝတီမြစ်ကူးဆိပ်မှာ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – ပေးပို့၊ စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button