ဝက်လက်မှာ စစ်အုပ်စု မရှိတော့ဘူးထင်လို့ နယ်မြေရှင်းတဲ့ PDF တွေ ဝိုင်းပိတ်တိုက်ခိုက်ခံရကာ တစ်ဦး ကျဆုံး၊ တစ်ဦး ဖမ်းဆီးခံရ၊

ရွှေဥ /MFP၊ ဒီဇင်ဘာ – ၂၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ရိုးရှိ တပ်ရွာကျေးရွာထဲ စီးနင်းဝင်မွှေ လုယက်တဲ့ စစ်အုပ်စုတွေ ပြန်ထွက်သွားပြီအထင်နဲ့ နယ်မြေရှင်းလင်းရေး လုပ်တဲ့ တော်လှန်ရေးတပ်တွေ စစ်အုပ်စုရဲ့ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခံရကာ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး အဖမ်းခံရတယ်လို့ ရွှေဘိုခရိုင် PDF အမှတ် ၁၈ တပ်ရင်းရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ BoTiger – ဗိုလ်ကျားကြီးအဖွဲ့က MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က ဝက်လက်မြို့နယ်၊ တပ်ရွာအနီး တာ်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် စစ်အုပ်စုက အင်အား ၄၀၀ လောက်နဲ့ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်လို့ တော်လှန်ရေး ရဲဘော် အောင်ကြီး (ခ) ကိုအောင်မင်းခန့် ကျဆုံးပြီး နောက်ထပ်တစ်ဦး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
“အလောင်းက ပြန်မရဘူးဗျ၊ ပြန်မရနိုင်သေးဘူး။ သူတို့ စခန်းထဲထိ ရောက်သွားတာဆိုတော့၊ ၄၀၀ ကျော်ထိ ဝိုင်းခံရတာဆိုတော့။ အလောင်းက ကောက်ဖို့ အမျိုးမျိုးနဲ့ ကောက်ဖို့ ကြိုးစားတယ်၊ လက်နက်ကြီးနဲ့ ထုပြီးတော့ ကောက်ဖို့ ကြိုးစားတယ်။ တစ်ယောက်ကတော့ အရှင် မိသွားတာ၊ တစ်ယောက်ကတော့ ကျသွားတာ ” လို့ BoTiger – ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီး က MFP ကို ပြောပါတယ်။
ကျဆုံးရဲဘော်ရဲ့ အလောင်းကို မကောက်ယူနိုင်သေးသလို ဖမ်းဆီးခံရသူရဲ့ နောက်ဆက်တွဲ အခြေအနေကိုလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။
“တိုက်ခိုက်တာကတော့ နယ်မြေ ရှင်းလင်းမှု တက်လုပ်တာပေါ့၊ စကစ မရှိဘူးဆိုပြီး အပျောက်ရိုက် နယ်မြေ ရှင်းလင်းမှု တက်လုပ်တာပေါ့၊ အကုန်ဝိုင်းခံလိုက်ရတာ၊ စကစက ဝလုံးကြီးလို ဝိုင်းလိုက်တာ၊ ကျန်တဲ့ ရဲဘော်တွေကတော့ အတော် ထိတဲ့ သူက ထိ၊ အင်အား ၄၀၀ ကျော်ထဲက ရုန်းထွက်ခဲ့ရတာ တစ်ယောက်ကတော့ မိသွားတာ” လို့ ဗိုလ်ကျားကြီး က ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျောက် စစ်ကြောင်းထိုးနေသလို ဝက်လက်နဲ့ စစ်ကိုင်းအစပ်၊ ဝက်လက်နဲ့ ရွှေဘိုအစပ်တွေမှာ အင်အားတိုး၊ စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ် ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးနေတဲ့ ပြည်သူတွေ ဝက်လက်နယ်ထဲ မဝင်ရောက်နိုင်အောင် အာဏာသိမ်း စစ်အုပ်စုက မြစ်ရိုးတလျှောက် အင်အားဖြည့်ကာ ပိတ်ဆို့ထားတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၇ရက်က စလို့ ဝက်လက်နယ် ရှိမ်းမကားစခန်းနဲ့ စစ်ကိုင်းမြို့နယ် မင်းကွန်းဘက်ကနေ ဧရာဝတီမြစ်ရိုးတလျှောက် စစ်ကြောင်းထိုးနေလို့ ဝက်လက်၊ စစ်ကိုင်းနဲ့ မတ္တရာ သုံးမြို့နယ်အစပ်၊ စစ်ကိုင်းနယ်ရှိ စဉ့်ကိုင်တောင်နဲ့ တလိုင်းရွာ၊ ဝက်လက်နယ်ရှိ စဉ့်ကိုင်မြောက်၊ တိုက် (တပ်သာ)အထက်၊ တိုက်(တပ်သာ)အောက်ရွာ၊ ငါးရယ်၊ တမာကန်၊ ငါးတိုက်တောင်၊ မင်းကုန်းလေးရွာနဲ့ မတ္တရာနယ်ရှိ ရေလယ်ကျွန်း၊ မိုးကြိုး၊ ရွာတန်းရှည်၊ သဲကျွန်းရွာစတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ရန်ကြောင့် ဝက်လက်နယ် အမှတ် ၃ ကားလမ်းကို အသုံးမပြုကြဖို့နဲ့ မြစ်ရိုးတလျှောက် အသွားအလာ ဂရုစိုက်ကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်းထားပါတယ်။

ဝက်လက်နယ်ထဲ နယ်မြေရှင်းလင်းရေး လုပ်စဉ် စစ်အုပ်စုရဲ့ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခံရကာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် PDF အမှတ် ၁၈ တပ်ရင်းရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ BoTiger – ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော်အောင်ကြီး/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



