အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ကို ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုကိုးယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရသွားတယ်လို့ ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့မှာ Union Liberation Front က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်က ယင်းမာပင်နယ် ပန်းတိန်ပြင်ရွာနဲ့ကျောက်မှော်ကျေးရွာတို့ကို အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုတပ်က စစ်ကြာင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂နာရီခန့်ကြာအောင်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိတွေတိုက်ပွဲအတွင်း စစ်အုပ်စုတပ်စား ကိုးဦးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရကာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခကနေ လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေ ဆက်တိုက်ပစ်ကူပေးနေတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်အုပ်စုတပ်သားတွေအထဲက ပခုက္ကူတပ်မ – ၁၀၁ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ၂၅၆ က ဒု-တပ်ကြပ်တစ်ဦးရဲ့အလောင်းကိုတော့ အမိန့်ပြန်တမ်းနဲ့အတူ ဖြစ်သလို မြေမြုပ်ခဲ့တာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ယူစစ်ဆေးကာ မီးရှို့ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ပကဖလက်ရုံးတပ် ULF စစ်ကြောင်း၊ YMB Column (ယင်းမာပင်မြို့နယ်စစ်ကြောင်း)၊ ကနီ9+စစ်ကြောင်း၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၊ BNRA တပ်ရင်း( ၃ )၊ ကနီမြို့နယ် ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်၊ ဘုတလင်တော်လှန်ရေးအင်အားစု၊ ရတနာပုံကျောင်းသားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊နှောပင်ရွာ၊ အင်းဘက်ရွာနဲ့ကြက်လျှာရွာတို့က ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုစစ်အုပ်စုခိုးယူပြီးနောက် နေအိမ် ၂၃၈ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Pyae Aung Naing၊ ယင်းမာပင်နယ် ကျောက်မှော်ရွာကို စစ်အုပ်စုတပ် မီးရှို့ဖျက်ဆီးခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



