ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးနေရ၊
သုထက်/MFP၊ ဒီဇင်ဘာ – ၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ တောင်တွေဖြိုချကာ ကြေးနီတူးနေတဲ့ တရုတ်တွေကို ဂိတ်စောင့် လုံခြုံရေးယူပေးနေတဲ့ အာဏာသိမ်း စစ်အုပ်စုက ယခုရက်ပိုင်း အင်အား ထပ်တိုးကာ ကျေးရွာတွေထဲမှာပါ အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစက်ရုံထဲမှာပဲ ဂိတ်အစောင့်ချထားလေ့ရှိတဲ့ စစ်အုပ်စုက ယခုရက်ပိုင်း စက်ရုံထဲက ထွက်ကာ အနီးဝန်းကျင်ရွာတွေမှာပါ အထိုင်ချ တပ်စွဲလာတာ ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနေ့က တရုတ်ပိုင် ယန်စီကုမ္မဏီကြေးနီစက်ရုံကို ဂိတ်စောင့်နေတဲ့ စစ်အုပ်စုထဲက အင်အား ၁၀၀ ကျော်ဟာ စက်ရုံ အနောက်ဖက် ခြံစည်းရိုးက ထွက်ကာ စစ်ကြောင်းထိုးပြီး ယင်းမာပင်မြိုနယ် တယ်ပင်ကန်ရွာကို စီးနင်းကာ ဘုန်းတော်ကြီးကျောင်းထဲ အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ကြောင်း မထိုးတာ နှစ်နှစ်နီးပါးကြာပြီ၊ အခါတိုင်း ရွာမဝင်ဘဲ ရွာဘေးကနေ ယင်းမာပင်မြို့ကို သွားတာ။ အခုအခြေအနေက အင်အားများတော့ ခန့်မှန်းရခက်တယ်”
ယန်စီကုမ္မဏီအတွင်း ဂိတ်စောင့်နေတဲ့ စစ်အုပ်စု လက်နက်ကိုင် အင်အား ၂၅၀ ကျော် ရှိပြီး အဲ့ဒီအထဲက အင်အား ၁၀၀ ကျော် အပြင်ထွက်ကာ ရွာထဲ အထိုင်ချ တပ်စွဲထားသလို ယန်စီကုမ္မဏီ တောင်ကုန်းကင်းစခန်းမှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြိုနယ်အတွင်းရှိ တယ်ပင်ကန်ရွာ အပါအဝင် ရွှေပန်းခိုင်ရွာနဲ့ သဲတောကြီးရွာတွေက ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်တိမ်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်က စလို့ တရုတ်ပိုင် ယန်စီနဲ့ ဝမ်ပေါင်ကုမ္မဏီအတွင်း ကြေးနီတူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ယာယီရပ်နားထားကာ နှစ်လကျော်အထိ ရပ်နားမယ်လို့ သတင်းထွက်နေပြီး ဝန်ထမ်းတချို့ အိမ်ပြန်ခွင့်ရလို့ ပြန်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စံပယ်တောင် စတဲ့ တောင်တွေကို ဖြိုကာ တရုတ်က အကြီးစား ကြေးနီ တူးဖော်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
၂၀၁၀ က စတင်ကာ တရုတ်က ကြေးနီတူးနေတာဖြစ်ပြီး စစ်အာဏာသိမ်းစက ဝန်ထမ်းတွေ CDM လုပ်လို့ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ နှစ်နဲ့ချီကြာ ရပ်နားခဲ့ရပေမယ့် လက်ရှိမှာတော့ တရုတ်နဲ့ စစ်အုပ်စုက ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေကို အရှိန်မြင့်လုပ်ကိုင်နေသလို ဆက်လက် အရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း ကြေးနီစီမံကိန်းဒေသရှိ မြေယာလျော်ကြေးကိစ္စ မပြေလည်သေးတဲ့ ကျေးရွာတွေနဲ့ လယ်မြေတွေကိုပါ တရုတ်နဲ့ စစ်အုပ်စု ပေါင်းပြီး စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်ကာ အဓမ္မ သိမ်းယူပြီး စီမံကိန်းဧရိယာကို ချဲ့ထွင်တာ၊ တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးနီတွေ အလွယ်တကူ သယ်ထုတ်နိုင်ရေး လမ်းသစ်ဖောက်တာတွေ လုပ်ခဲ့ပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲ တောင်တွေဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကြေးနီစက်ရုံတွေ/Photo – ဝမ်ပေါင်ကုမ္ပဏီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



