MN/MFP ၊ ဒီဇင်ဘာ – ၂၄
MFP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ အခုနှစ် နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်ထိ တစ်လအတွင်း စစ်အုပ်စုတပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၁၁၄ ဦးအထိ ကျော် သေဆုံးခဲ့ရပါတယ်။
စစ်အုပ်စုတပ် လက်ချက်ကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သားပြည်သူ ၈၀ ကျော်နဲ့ သေဆုံးသူအများဆုံးဖြစ်နေပြီး ဒဏ်ရာရသူ ၁၀၀ နဲ့အထက်ရှိခဲ့သလို မန္တလေးတိုင်းမှာတော့ သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ မကွေးတိုင်းမှာတော့ သေဆုံးသူ လေးဦးရှိခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုတပ်ဟာ လေယာဉ်ပစ်လက်နက်တွေ မရှိသေးတဲ့ အညာဒေသကို ဒရုန်း၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတွေ အသုံးပြုပြီး လေကြောင်းကနေ အရပ်သားတွေကို ဦးတည်ပစ်ခတ်နေသလို နည်းပညာမြှင့်ထားတဲ့ SPY Ballonsတွေနဲ့လည်း ကင်းထောက်လှမ်းမှုတွေ ရှိနေပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနေ့ညနေပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ငါးပတ်ချောင်းကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ပေါင် ၂၀၀ ဗုံးသီး လေးလုံးကြဲချခဲ့တာကြောင့် အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါဝင် စုစုပေါင်းပြည်သူ ခုနစ်ဦးသေဆုံးခဲ့ရပြီး ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၆ ရက်ကစပြီး စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ ခင်ဦး စတဲ့ မြို့နယ်တွေနဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းနှစ်နေရာကို စစ်အုပ်စု ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တစ်ပါးနဲ့ ကလေးငယ်တွေအပါဝင် စုစုပေါင်း ဒေသခံပြည်သူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
အလားတူ မန္တလေးတိုင်းထဲမှာလည်း စစ်အုပ်စုက စစ်ရှုံးခဲ့တဲ့နယ်မြေတွေကို စစ်ကြောင်းထိုး ဗုံးကြဲနေတာကြောင့် တစ်လအတွင်းမှာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက ဒေသခံပြည်သူ ၃၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့သလို မကွေးတိုင်းထဲမှာတော့ စစ်ကြောင်းထိုးပြီး လေကြောင်းဗုံးကြဲတာတွေကြောင့် တစ်လအတွင်း မြိုင်နဲ့ရေစကြိုက ဒေသခံပြည်သူလေးဦး သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းတွေအပါဝင် နိုင်ငံတဝန်းမှာ စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ၊ Y-12 ဘက်စုံသုံးလေယာဉ်၊ Mi-35 ရဟတ်ယာဉ်၊ အမောင်းသင်လေယာဉ်တွေနဲ့ပါ အသုံးပြုပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



