သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ တီးတိန်မှာ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ စစ်အုပ်စုတပ် မဲဆွယ်နေ၊

ရွှေဥ၊နန်းယု/MFP၊ ဒီဇင်ဘာ – ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပေမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လိုက်လံနှိုးဆော်နေကြတယ်လို့ ဒေသခံတွေက MFPကို ပြောပါတယ်။ 

စစ်အုပ်စုတပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ စစ်အုပ်စုတပ်သားတွေနဲ့ အဖွဲ့ဟာ တီးတိန်မြို့အတွင်းက ဒေသခံတွေ နေထိုင်နေသေးတဲ့ ရပ်ကွက်တွေကို မံစာရင်းသွားကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့အတွက် လိုက်လံပြောဆိုနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ မြို့ထဲမှာတော့ ကားနဲ့ပတ်ပြီး အော်နေတာရှိတယ်။ ၂၈ ရက်နေ့ ရွေးကောက်ပွဲရှိတယ် မဲပေးမယ်။ မဲစာရင်းတွေထဲမှာ ကိုယ့်နာမည်ပါမပါကြည့်ဖို့ နှိုးဆော်တာပေါ့။ ရွေးကောက်ပွဲတော့ ဖြစ်မယ်ထင်တယ် “ 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုတပ်ဟာ နိုငင်ံရေးထွက်ပေါက် တစ်ခုအနေနဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို နိုင်ငံတစ်ဝန်းက မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာကျင်းပမှာ ဖြစ်သလို အပိုင်း ၃ ကိုတော့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့ ချင်းပြည်နယ်မှာတော့ မြို့ ၉ မြို့အထဲက ဟာခါးနဲ့ တီးတိန်မြို့တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တီးတိန်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေတစ်သိန်းခန့်နေထိုင်ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

တစ်ဆက်ထဲမှာပဲ ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ်လောင်း တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်တယ်လို့ CDF-Hakhaက ဒီဇင်ဘာ ၂၄ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာတော့ ဖလမ်းမြို့နယ်အပါအဝင် တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထေးဇန်၊ ဆွလိမ်၊ အာလွယ်၊ သိုင်းငင်း ၊ဆဲဇန်၊ဟိန်ဇိန် ၊ဆိုဇန်  ၊မွာလ်ပီး  လိုင်ဗား၊တလန်းဇာရ်၊တလန်းဇာရ်၊လုမ်းဘန်း ၊ပါရ်သဲ၊ထင်းရှုးမြိုင် ၊ဗားရ် ၊ဝေဘူလမြို့ စတဲ့ ကျေးရွာ ပေါင်း (၂၀) ကျော်  နှစ်လကျော် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို   စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပြီး မြို့တော် ဟာခါးနဲ့ တီးတိန်မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button