ရွှေဥ /MFP ၊ ဒီဇင်ဘာ-၂၅
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၃ရက်နေ့တွေမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီးနဲ့ မြို့ဝင်ဆိုင်ဘုတ်၊ ရပ်ကွက်တချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အရပ်သားတစ်ရာကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်နေ့ဖြစ်တာကြောင့် မြို့ပေါ်ဘုရားကျောင်းတွေမှာ ကျင်းပနေတဲ့ပွဲကို လာရောက်ကြတဲ့ အရပ်သားတွေကို စစ်အုပ်စုတပ်က အင်အားသုံးဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုတပ်ဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့ဝင်မြို့ထွက်စတဲ့ နေရာလေးခုမှာ လုံခြုံရေးယူပြီးနောက် လမ်းမတွေပေါ်မှာ ကား၊ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့အရပ်သားတွေနဲ့ ခရစ္မမတ်ပွဲကို လာရောက်ကြတဲ့ ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးသွားတယ်လို့ တမူးမြို့ မြို့မစျေးအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ဒီနေ့က ခရစ္စမတ်နေ့ဆိုတော့ ကျေးရွာတွေကလဲ မြို့ပေါ်ကို လာကြတယ်။မြို့ပေါ်ကလူတွေလဲ အပြင်ထွက်ကြတယ်။ဖမ်းတာကတော့ ခရစ္စမတ်လာကြတွေ အများစုပါတယ်။ကျန်တာကတော့ မြို့ပေါ်က ဆိုင်ကယ်နဲ့စျေးလာရောင်းတဲ့ စျေးသည်တွေပါတယ်”
ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရဲ့အသေးစိတ်အချက်အလတ်နဲ့နာမည်တွေကိုတော့ MFPအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အုပ်စုတပ် ဖမ်းဆီးထားတဲ့အထဲမှာ အမျိုူသား၊ အမျိုးသမီးအရွယ်စုံပါဝင်ပြီး မြို့ပေါ် ရပ်ကွက်မှာရှိတဲ့ ရဲစခန်းအချုပ်ခန်းကို ခေါ်ဆောင်သွားတယ်လို့ တမူးမြို့ စျေးတန်းရပ်ကွက် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တမူး အချုပ်ခန်းထဲမှာ ဖမ်းထားတာ၊ ရွေးကောက်ပွဲနီးလို့ နယ်ဝေးကစျေးလာရောင်းတဲ့သူတွေလဲ ပါတယ်”
ဒါ့အပြင် စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲနီးလာတာကြောင့် တမူးမြို့ပေါ်က မဲရုံတွေအနီးမှာ စစ်အုပ်စုနဲ့ ပျူစောထီးလက်နက်ကိုင်တွေ လှည့်လည်လုံခြုံရေး ယူနေတာတွေ့ရတယ်လို့ ဆိုကြပါတယ်။
တမူးမြို့နယ်မှာတော့အာဏာသိမ်းစစ်အုပ်စုက မြို့သစ်မြို့ ရပ်ကွက်သုံးခု၊ ခါတ်းပတ်မြို့ရပ်ကွက်ငါးခုနဲ့ ကွန်းတောင်းကျေးရွာအုပ်စု ၊အင်ဒိုင်းကျေးရွာအုပ်စု၊ အလှော်ကျေးရွာ အုပ်စု၊ ခမိတ်ကျေးရွာအုပ်စု၊ ဝိတုတ်ကျေးရွာအုပ်စု အပါအဝင် အုပ်စု ၂၁ ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ အာဏာသိမ်းစစ်အုပ်စုကလာမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တမူးမြို့အပါအဝင် ၊ကလေး ၊လေရှီး ၊လဟယ်၊နန်းယွန်း ၊ကသာ၊ကန့်ဘလူ ၊ခန္တီး ၊မုံရွာ၊ရွှေဘို ၊ဟုမ္မလင်းစတဲ့ မြို့နယ် ၁၂ ခုက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ အပိုင်း -၁ ကိုကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



