ခင်ဦးနယ် ကားလမ်းဆုံကို စစ်အုပ်စုက ထပ်မံ ဗုံးကြဲမှု ပြည်သူ ကိုးဦး သေဆုံး၊
ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွားကားတွေကို ဒီဇင်ဘာ ၂၇ရက် မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အရပ်သားပြည်သူ ကိုးဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိကာ ကားရှစ်စီး ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူတွေ စုဝေးရာ လမ်းဆုံလမ်းမနေရာ၊ Star link အင်တာနက်ဆိုင်၊ ထမင်း၊စားဖွယ်စုံနဲ့ စျေးဆိုင်ခန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီး၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်တပ် (စကမ) ဘက်မှ လမ်းကြော ပိတ်ဆို့မှုကြောင့် ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများနှင့် ဆီဘောက်ဆာ ကားတို့အား အကြောင်းမဲ့ ယုတ်မာစွာ လေကြောင်း တိုက်ခိုက်” လို့ ခင်ဦး ပအဖ က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဗုံးကြဲရုံမက ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့တာတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“သေတာက ကားပေါ်မှာတွေရော၊ လမ်းဘေးတွေရော၊ ငါးဦးခြောက်ဦး သေတယ်။ ကားတွေလည်း ဆီဘောက်ဆာ ကားကြီးတွေရော၊ ကားသေးတွေရော မီးလောင်နေတယ်”
စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၈ရက်ကလည်း အဲ့ဒီ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွား ပြည်သူတွေ ပိတ်မိနေတဲ့ နေရာကို ဂျက်ဖိုက်တာ တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ် သုံးစီးနဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၁၈ရက်က ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ နေရာကို ထပ်မံ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပြီး ကားလမ်း ပိတ်မိကာ သောင်တင်နေတဲ့ ခရီးသွားတွေနဲ့ ဆီသယ်ကားတွေ အဓိက သေကြေ၊ ပျက်စီးတာလို့ ခင်ဦးမြို့နယ် ပအဖ က ဆိုပါတယ်။
“အကြမ်းဖက် (စကမ) စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်း လုံးဝ မပြုပါဘဲ၊ လေကြောင်း (ဝေဟင်) တိုက်ခိုက်မှုများ ဆက်တိုက် ယုတ်မာစွာ လုပ်နေသည့်အတွက် လုံခြုံရေး အသိ/သတိ မပျက်ထားရှိ၍ ကြိုတင် လုံခြုံရေး အစီအမံများ ပြုလုပ်ကာ သတိကြီးစွာဖြင့် သွားလာ နေထိုင်ကြပါရန် အသိပေး နှိုးဆော် ပန်ကြားအပ်ပါသည်”
စစ်အုပ်စုဟာ ဒီဇင်ဘာ ၈ရက်က စလို့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ပိတ်ဆို့ထားပြီးနောက် ခရီးသွားတွေကို အဓိက ပစ်မှတ်ထားကာ အခုလို ဗုံးကြဲနေတာ ဖြစ်ပါတယ်။
Photo – ခင်ဦးမြို့နယ် ပအဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



