ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၈
မန္တလေးမြို့ပေါ်က မဲရုံတွေမှာ မဲပေးသူ နည်းပါးပြီး မဲရုံတစ်ခုချင်းစီအလိုက် မဲပေးသူ ၂၀ ကနေ ၅၀ ဝန်းကျင်ကြားသာ တွေ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး မဲပေးဖို့အတွက် ဒီဇင်ဘာ ၂၈ရက် ဒီကနေ့ မနက် ၆နာရီကစလို့ မဲရုံတွေ စတင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
“မဲရုံတွေမှာ မဲပေးသူက လူ ၂၀၊ ၃၀ လောက်တော့ ရှိတယ်။ တချို့ မဲရုံတွေကတော့ ၅၀ လောက်ရှိတယ်” လို့ မဲရုံတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
မနက်အစောပိုင်းမှာ မဲပေးဖို့ လာရောက်တန်းစီသူ တချို့ ရှိပေမယ့် တဖြည်းဖြည်း လူပါးသွားပြီး ထပ်မံ လာရောက်သူလည်း မတွေ့ရတော့ဘူးလို့ သူက ဆိုပါတယ်။
တချိန်တည်းမှာပဲ ချမ်းအေးသာစံမြို့နယ် အပါအဝင် မန္တလေး ကမ်းနားလမ်းနဲ့ မြို့ပတ်လမ်းတလျှောက်မှာ စစ်အုပ်စုက လက်နက်ကိုင်ကာ ကားနဲ့ လှည့်ပတ်နေတာလည်း တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနေ့ကတည်းက ပတ်နေတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ကိုယ်တိုင်က ရွေးကောက်ပွဲ ဝင်ပြိုင်နေတဲ့ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဆိုသူကလည်း လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့အတူ မဲရုံတွေကို လိုက်ပတ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီမနက် ၁နာရီကျော်အချိန်မှာ မန္တလေးမြို့ပေါ် ပေါက်ကွဲမှုတချို့လည်း ဖြစ်ပွားခဲ့ပါတယ်။
PDF တွေက စစ်ကိုင်းဘက်ကနေ မန္တလေးဘက်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တာဖြစ်ပြီး သုံးလုံးက ကျုံးအတွင်း ကျရောက်ပေါက်ကွဲကာ လူသူထိခိုက်မှု မရှိဘဲ တစ်လုံးက အောင်မြေသာစံမြို့နယ်၊ ၈၆လမ်းနဲ့ ၅လမ်းအနီးက နေအိမ်ပေါ် ကျရောက် ပေါက်ကွဲလို့ လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၇ရက် မနေ့ကတည်းက မဲရုံလုပ်မယ့်နေရာတွေအနီး လမ်းတွေပိတ်ကာ မီးသတ်နဲ့ လက်နက်ကိုင်တွေကို အစောင့်ချထားသလို ညပိုင်းအထိ ရပ်ကွက်တွေထဲ လှည့်ကာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ မိုက်နဲ့လိုက်အော်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲ အပိုင်း(၁)အဖြစ် မန္တလေးတိုင်းက ရှစ်မြို့နယ် အပါအဝင် နိုင်ငံတဝန်း ၁၀၂ မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာတချို့မှာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲ စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ်တွေဟာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မေမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ညောင်ဦးတို့ ဖြစ်ပါတယ်။
အဲ့ဒီ ရှစ်မြို့နယ်မှာ မဲရုံ ၁၂၀၀ကျော် ဖွင့်လှစ်ကာ မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံစောင့်အင်အား ၁၅,၀၀၀ ဝန်းကျင်နဲ့ လုပ်ဆောင်နေတယ်လို့ စစ်အုပ်စု လက်အောက်ခံ တိုင်းရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲက ဆိုပါတယ်။
မန္တလေးမြို့ပေါ်က မဲရုံတွေမှာ မဲပေးနေသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



