ခင်ဦး ကားလမ်းဆုံနဲ့ စျေးဆိုင်တွေ ထပ်မံ ဗုံးကြဲခံရမှု ကားသမားနဲ့ ပြည်သူ ကိုးဦး သေဆုံး၊
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွားကားတွေ ခေတ္တရပ်နားရာ ထမင်းဆိုင်နဲ့ စတားလင့်အင်တာနက်ဆိုင်ကို ဒီဇင်ဘာ ၂၇ရက် မွန်းလွဲပိုင်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ကိုးဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိကာ ကားရှစ်စီး ပျက်စီးခဲ့ပါတယ်။
ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူတွေ စုဝေးရာ လမ်းဆုံလမ်းမနေရာ၊ Star link အင်တာနက်ဆိုင်၊ ထမင်း၊စားဖွယ်စုံနဲ့ စျေးဆိုင်ခန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီး၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများစုဟာ ကားဆရာတွေနဲ့ သူတို့ရဲ့ ဇနီးသည်တွေ ဖြစ်ပြီး တချို့က မီးလောင်သေဆုံးတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
“သေတဲ့အထဲမှာ ကားဆရာတွေ၊ သူတို့အမျိုးသမီးတွေ ပါတယ်၊ တချို့ မီးလောင်ပြီး သေတယ်၊ အကုန် ပြည်သူတွေ ချည်းပဲ” လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ဗုံးကြဲရုံမက ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့တဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“သေတာက ကားပေါ်မှာတွေရော၊ လမ်းဘေးတွေရော၊ ငါးဦးခြောက်ဦး သေတယ်။ ကားတွေလည်း ဆီဘောက်ဆာ ကားကြီးတွေရော၊ ကားသေးတွေရော မီးလောင်နေတယ်”
ဗုံးကြဲခံရတဲ့ နေရာဟာ ခင်ဦးမြို့နယ် အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းနဲ့ ဝကလ်က – ကျောက်မြောင်း အမှတ်-၃ ခရိုင်ချင်းဆက် လမ်းမဆီသွားရာ လမ်းကြောပေါ်က ယာဉ်ရပ်နားစခန်းချရာ နေရာနဲ့ စတားလင့်ခ် အင်တာနက်ဆိုင်နေရာဖြစ်ပြီး ခရီးသွားပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်တွေသာ ရှိကာ တော်လှန်ရေး အဖွဲ့တွေနဲ့ ဆက်စပ်တဲ့နေရာ မဟုတ်သလို မြေပြင်မှာ တိုက်ပွဲဖြစ်ပွါးတာလည်း မရှိဘူးလို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်တပ် (စကမ) ဘက်မှ လမ်းကြော ပိတ်ဆို့မှုကြောင့် ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများနှင့် ဆီဘောက်ဆာ ကားတို့အား အကြောင်းမဲ့ ယုတ်မာစွာ လေကြောင်း တိုက်ခိုက်” လို့ ခင်ဦး ပအဖ ကလည်း ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၈ရက်ကလည်း အဲ့ဒီ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးရှိ ခရီးသွား ပြည်သူတွေ ပိတ်မိနေတဲ့ နေရာကို ဂျက်ဖိုက်တာ တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ် သုံးစီးနဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၁၈ရက်က ဗုံးကြဲခဲ့တဲ့ နေရာကို စစ်အုပ်စုက ထပ်မံ ဗုံးကြဲတာ ဖြစ်ပြီး ကားလမ်း ပိတ်မိကာ သောင်တင်နေတဲ့ ခရီးသွားတွေနဲ့ ဆီသယ်ကားတွေ အဓိက သေကြေ၊ ပျက်စီးတာလို့ ခင်ဦးမြို့နယ် ပအဖ က ဆိုပါတယ်။
“အကြမ်းဖက် (စကမ) စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်း လုံးဝ မပြုပါဘဲ၊ လေကြောင်း (ဝေဟင်) တိုက်ခိုက်မှုများ ဆက်တိုက် ယုတ်မာစွာ လုပ်နေသည့်အတွက် လုံခြုံရေး အသိ/သတိ မပျက်ထားရှိ၍ ကြိုတင် လုံခြုံရေး အစီအမံများ ပြုလုပ်ကာ သတိကြီးစွာဖြင့် သွားလာ နေထိုင်ကြပါရန် အသိပေး နှိုးဆော် ပန်ကြားအပ်ပါသည်” လို့ ခင်ဦး ပအဖ က ဆိုပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၈ရက်က စလို့ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ပိတ်ဆို့ထားပြီးနောက် ခရီးသွားတွေကို အဓိက ပစ်မှတ်ထားကာ အခုလို ဗုံးကြဲနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ခရီးသွားပြည်သူကို အဓိက ပစ်မှတ်ထားကာ ခင်ဦးနယ် လမ်းဆုံလမ်းမတွေနဲ့ မြစ်ဆိပ်တွေကို အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးရဲ့ အရှေ့ဘက်လမ်းကြောတစ်ခုလုံးကို ခရီးသွားလာခွင့် ယာယီကန့်သတ်ထားတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၇ရက်က ခင်ဦးနယ် မြေနီသျှိုရွာအနီး၊ လမ်းဆုံလမ်းနဲ့ စျေးဆိုင်တန်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲအပြီး မြင်တွေ့ရစဉ်/Photo – ပေးပို့၊ MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



