နာဂစ်ခြေဥ၊ ငလျင်ရွေးကောက်ပွဲ၊ နောက်ငါးနှစ်စာ ခန့်မှန်းနိုင်ပါပြီ

လူပေါင်းများစွာ သေကြေဒုက္ခရောက်ခဲ့ကြတဲ့ မန္တလေးငလျင်ကြီး ၉ လပြည့်၊ဒီနေ့ ကို ရွေးကောက်ပွဲနေ့အဖြစ် ရွေးချယ်တာဟာ တော်ရုံတိုက်ဆိုင်မှုမျိုးတော့ ဟုတ်ဟန်မတူပါဘူး။ အာဏာရဲ့ ဦးစားပေးချက်က ဘာလဲဆိုတာ ပြသနေပါတယ်။ ငလျင်ဟာ သဘာဝဘေးတစ်ခုသာ မဟုတ်ပါဘူး။ လူထုရဲ့ collective trauma (စုပေါင်းစိတ်ဒဏ်ရာ) လည်း ဖြစ်ပါတယ်။ ဒီအမှတ်တရကို နိုင်ငံရေးဖြစ်ရပ်တစ်ခုနဲ့ ဖုံးသွားခြင်းက မတော်တဆမဟုတ်ပါဘူး။
■ နာဂစ်သင်ခန်းစာနှင့် သမိုင်းတကျော့ပြန်
ဒီနေ့အချိန်အခါဟာ နာဂစ်မုန်တိုင်းပြီးနောက် ၂၀၀၈ ခုနှစ်၊ မေ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲ အချိန်ကာလကို ပြန်လည်သတိရစေပါတယ်။ မေလပထမအပတ်မှာ မုန်တိုင်းကြီးကြောင့် လူသိန်းနဲ့ချီသေဆုံးလို့ လူပေါင်းများစွာ ဒုက္ခရောက်ပြီး အစစအရာရာ ရှားပါးဈေးကြီးနေချိန်ပါ။ ရန်ကုန်မြို့မှာ သွပ်ပြားရိုက်ဖို့ သံတစ်ချောင်းကိုတောင် ဈေးကြီးပေးဝယ်နေရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးရုံးက ထွက်လာတဲ့ ကားကြီးတစ်စီးဟာ အပျက်အစီးတွေ ပြန်မဆောက်နိုင်သေးတဲ့ ရန်ကုန်မြို့စွန် ရပ်ကွက်တစ်ခုထဲ မောင်းဝင်လာပြီး စာရွက်တွေကျဲချခဲ့ပါတယ်။ စာရွက်ထဲမှာ “မေ (၁၀) ရက်နေ့ ဒါပဲဟေ့” ဆိုပြီး အမှန်ခြစ်ပုံလေး ပါဝင်ပါတယ်။ အပျက်အစီးကြားက လူတွေအတွက် သတိပေးလာတဲ့ စစ်အစိုးရရဲ့ အဓ္ဓမအစီအစဉ်ပါ။ ယနေ့ရွေးကောက်ပွဲဟာလည်း ထိုနည်းတူပါပဲ။
■ ၉ လပြည့် ငလျင်ဒဏ်နှင့် လျစ်လျူရှုခံရမှုများ
ယခုရွေးကောက်ပွဲကို စစ်အုပ်စုက အပျက်အစီးများစွာနဲ့ အသက်ပေါင်းများ စွာကြားက တည်ဆောက်ခဲ့ပါတယ်။ မန္တလေးငလျင်ကြီးရဲ့ အပျက်အစီးပေါင်းများစွာနဲ့ အမှုအခင်းပေါင်းများစွာကို စစ်အုပ်စုက ကိုးလကြာတဲ့အထိ လျစ်လျူရှုထားပြီး ငလျင် (၉) လပြည့်နေ့ တိတိမှာ ရွေးကောက်ပွဲကို လုပ်ပါတယ်။ မတ်လ (၂၈)ငလျင်ကြီးကြောင့် လူပေါင်း ၅ ထောင်ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၆ သိန်းကျော်ထိခိုက်ခံစားခဲ့ရပါတယ်။ ရွေးကောက်ပွဲရက်စွဲကို ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ဒီ ရက်စွဲကို မေ့နေတာတော့ မဖြစ်နိုင်ပါဘူး။
“လူတွေဒုက္ခရောက်လေ စစ်အာဏာရှင်က ကြိုက်လေပဲ ဖြစ်နေတယ်။ ဒီလိုသဘာဝဘေးတွေကို အသုံးချပြီး လုပ်နေတာ ကျွန်တော်တို့ဆီမှာ ထုံးစံလို ဖြစ်နေပြီ” လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ပညာရှင် ဒေါက်တာမျိုးသန့် က MFP ကို ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ နာဂစ်ကာလကို ပြန်အမှတ်ရစေတယ်လို့ သူကလည်း ထပ်လောင်းပြောပါတယ်။
မန္တလေးငလျင် လှုပ်ခဲ့တာ (၉) လကြာပြီဖြစ်ပေမယ့် သူ့ရဲ့ ရိုက်ခတ်မှုက အခုထိ တုန်ခါလှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ငလျင်ရဲ့ ဗဟိုချက်မ အညာဒေသ တိုင်းသုံးတိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ လိုအပ်ချက်တွေ တပုံတပင် ရှိနေပါတယ်။
ရွေးကောက်ပွဲဝင် ပါတီတွေရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေ (Data For Myanmar စုစည်းမှု ၂၀၂၅ ရွေးကောက်ပွဲ ကြေညာစာတမ်းများ) ကို MFP က လေ့လာကြည့်တဲ့အခါမှာ မန္တလေးငလျင်နဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ကတိပေးပြောဆိုမှု တစ်ခုမှ မတွေ့ရပါဘူး။ စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) ကလည်း ငလျင်နဲ့ ပတ်သက်လို့ ပြောဆိုတာ မရှိပါဘူး။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ငလျင်ဒဏ်သင့် ဒေသစီးပွားရေး တိုးတက်အောင် ကတိပေးပြောဆိုထားပေမယ့် အတိအကျ အစီအစဉ်မပါပါဘူး။
မန္တလေးတိုင်းဒေသကြီးမှာ ဝင်ရောက်အရွေးခံကြတဲ့ နာမည်ကျော် စစ်ဗိုလ်ဟောင်းဖြစ်တဲ့ အောင်လင်းဒွေး၊ မြထွန်းဦး၊ တေဇာကျော်နဲ့ ကျော်မိုးသက် တို့ကလည်း ဒီငလျင်ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ဘာများကတိပေးခဲ့ပါသလဲ။ မရှိပါဘူး။
စစ်ကိုင်းတိုင်းမှာ ဝင်ရောက်ပြိုင်တဲ့ ဒုဗိုလ်ချုပ်ကြီးငြိမ်း ဦးသက်ပုံ ကတော့ ငလျင်ကြီးမှာ ပြိုပျက်တိုက်တွေကို ကရိန်းသုံးပြီး ဖယ်ပေးဖူးခဲ့ကြောင်း မဲဆွယ်ပါတယ်။ ဒီဇင်ဘာ (၆) ရက်နေ့ကလည်း ဦးသက်ပုံ ဦးဆောင်တဲ့ အဖွဲ့က စစ်ကိုင်းမြို့ပေါ်မှာ ငလျင်ဘေးထောက်ပံ့မယ်ဆိုပြီး ဒေသခံတွေကို ညာခေါ်ပြီး စည်းရုံးရေးလုပ်သွားခဲ့တယ်လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
■ လူမှုစီးပွား ထိုးနှက်ချက်များ
မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုရင် ဆောက်လုပ်ရေးကဏ္ဍမှာ ပစ္စည်းရှားပါးမှု၊ လုပ်သားရှားပါးမှုနဲ့ အရည်အသွေးနိမ့် ဆောက်လုပ်ရေးပစ္စည်းတွေ ဖောင်းပွမှုတွေကို ကြုံနေရပါတယ်။ မန်းမြို့တော်စည်ပင်အနေနဲ့ ငလျင်အလွန်ကာလ ဆောက်လုပ်ခွင့်၊ ပြုပြင်ခွင့်တွေမှာ ကြန့်ကြာမှု၊ လာဘ်စားမှုတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အငယ်တန်းအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ပြိုကျသွားတဲ့ Sky Villa အပါအဝင် အင်ကြင်းကွန်ဒို၊ နှင်းဆီကွန်ဒို စတဲ့ အဆောက်အအုံတွေမှာ အမှုကိစ္စတွေနဲ့ တရားမျှတမှု ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော် သေဆုံးသွားတဲ့ Sky Villa က အိမ်ခန်းဆုံးရှုံးခဲ့သူ အခန်းပိုင်ရှင်တစ်ဦးကတော့ ဒီရွေးကောက်ပွဲကို အလွန်စိတ်ပျက်လွန်းလို့ မဲမပေးရအောင် ခရီးထွက်နေတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ အတွက်ကြ ဘောလီဘော ပုတ်ခံနေရတယ်၊ ကိုယ်စားလှယ်လောင်းဆိုတဲ့ လူတွေကို စကားပြောကြည့်ဖို့ကြိုးစားတယ်၊ စိတ်မဝင်စားကြဘူး၊ အဲ့တော့ကျွန်တော်တို့လည်း မပေးဘူး” လို့ သူကပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးထဲမှာ ရက်ကန်း၊ ချည်ထည်၊ လက်မှုလုပ်ငန်းစတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ (SMEs) မှာလည်း အခက်အခဲ ကြုံနေရပါတယ်။ ငလျင်အပြီးမှာ စက်ပစ္စည်းနဲ့ ငွေအရင်းအနှီးဆုံးရှုံးတာ၊ ကျွမ်းကျင်လုပ်သား ရှားပါးလာမှုနဲ့ ဈေးကွက်ပျံ့နှံ့မှု မရှိတာတွေက စီးပွားရေးလုပ်ငန်းငယ်တွေကို ထိုးနှက်နေပါတယ်။
ဒါနဲ့အတူ ငလျင်အပြီးမှာ အသေးစားငွေချေးလုပ်ငန်း (Microfinance) တွေနဲ့ တရားမဝင် ငွေချေးမှုတွေက မန္တလေး၊ စစ်ကိုင်းအတွင်းက ကျေးရွာတွေအထိ ပျံ့နှံ့လာပြီး အတိုးနှုန်းများများနဲ့ ငွေချေးကြပါတယ်။
ဒီကျေးလက်ဒေသတွေမှာစစ်ရေးမတည်ငြိမ်မှုတွေ အချိန်မရွေးဖြစ်လာ နိုင်တာကြောင့် ဒေသခံတွေဟာ သူတို့ ပိုင်ဆိုင်မှု၊ မြေယာတွေကို ငွေချေးလုပ်ငန်းတွေဆီ ပေါင်နှံဖို့ အလွယ်တကူ ဆုံးဖြတ်လာ ကြတယ်လို့ စစ်ကိုင်းမြို့နယ်အတွင်းက လျော်ဖြူ လုပ်ငန်းရှင်အသင်းသားတဦးက MFP ကိုပြောပါတယ်။
“ တကယ်ဆိုဗျာ အစိုးရကချေးပေးရင် ဒီလိုကိစ္စတွေမရှိလာတော့ဘူးပေါ့” လို့ သူကဆိုပါတယ်။ သူတို့ မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပပေမယ့် လူတွေစိတ်ဝင်စားမှုမရှိတာဟာ ဒီလိုအချက်တွေ ကြောင့်လို့ဆိုပါတယ်။
မန္တလေးတင်မက စစ်ကိုင်းတိုင်းအတွင်းက ဘာသာရေးခံတပ်ဖြစ်တဲ့ စစ်ကိုင်းချောင်နဲ့ စာသင်စာချ ဘုန်းကြီးကျောင်းတိုက်ပေါင်းများစွာလည်း ငလျင်ကြောင့် ထိခိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြန်ဆောက်ဖို့ အရေးကိစ္စ—ဒီဘာသာရေးရာတွေကိုလည်း စစ်အုပ်စုက လုံးဝလျစ်လျူရှုထားပါတယ်။
စစ်ကိုင်း၊ ပင်းယ၊ အင်းဝ နယ်မြေအတွင်းမှာလည်း ငလျင်ကြောင့် ရှေးဟောင်းလက်ရာ အမွေအနှစ်လို့ သတ်မှတ်တဲ့ အဆောက်အအုံတွေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းဟာ ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။ စစ်အုပ်စုဟာ ငလျင်အပြီး (၉) လအတွင်းမှာ ဒီပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ မဆောင်ရွက်နိုင်သေးပါဘူး။
စစ်အာဏာရှင်တွေဟာ ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေထက် ငလျင်ကြီးကို အမြတ်ထုတ်သွားခဲ့တာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဦးစိုးသူရထွန်း (အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး) က MFP ကို ပြောကြားထားပါတယ်။
“ စစ်အုပ်စုက ငလျင်ကို အမြတ်ထုတ်တယ်ဆိုပေမယ့် နိုင်ငံရေးအရ၊ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ပါပဲ၊ နိုင်ငံရေးဆို တာသိက္ခာနဲ့လုပ်ရတာ” လို့သူကဆိုပါတယ်။
■ မြစ်ဆုံဆည်နှင့် နောက်ဆက်တွဲ ငလျင်အန္တရာယ်
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာ မြေငလျင်ပညာရှင်တွေအနေနဲ့ စိုးရိမ်တဲ့ နောက်ထပ်ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်း ကို စစ်အုပ်စုက ပြန်လည်အသက်သွင်းလာမှာပဲ ဖြစ်ပါတယ်။
မြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ကပ်လျက်ရှိနေတာကြောင့် ငလျင်ကို ဆင့်ခေါ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဒေါက်တာမျိုးသန့်က ဆိုပါတယ်။ “Induced effect လို့ ခေါ်တယ်ဗျ၊ ဆည်ကြောင့် ဖြစ်တာမဟုတ်ဘူး၊ ဒီရေဝပ်ဧရိယာအတွင်းက ရေတွေ မြေလွှာထဲကို စိမ့်ဝင်ပြီး ဆည်ပြိုတာနဲ့ ငလျင်လို သဘာဝဘေး ဖြစ်နိုင်တယ်” လို့ ရှင်းပြပါတယ်။
ငလျင်ပညာရှင်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ဖို့ရာခိုင်နှုန်းဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ မြောက်ပိုင်း(ကချင်ပြည်နယ်) နဲ့ တောင်ပိုင်း( ဖြူး) တို့မှာ အများဆုံးဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။ ဒါ့ကြောင့် မြစ်ဆုံဆည်ကြောင့် ငလျင်လှုပ်တာထက် ငလျင်မှာ ပိုမိုဆိုးဝါးတဲ့ ပျက်စီးမှု ဖြစ်စေမယ်လို့ ဦးမျိုးသန့်က ယူဆပါတယ်။
စစ်အုပ်စုကတော့ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ရေးကို နောက်ဆုံးထွက်ပေါက်အဖြစ် အပီအပြင် ပုံဖော်နေပါတယ်။ လွန်ခဲ့တဲ့ (၉) လက မန္တလေးငလျင်ကြီးကြောင့် လူပေါင်း ၅၀၀၀ ကျော်သေပြီး လူ ၆ သိန်းလောက် ဒုက္ခရောက်ခဲ့တာကို မသိကျိုးကျွံ မျက်ကွယ်ပြုရင်း အာဏာတည်ဆောက်နေတာဟာ သုံးနေကျ လှည့်ကွက်တစ်ခုလို ပိပိရိရိပါပဲ။
ခံစားခဲ့ရသူတွေနဲ့ ကြုံတွေ့ဒုက္ခရောက်ခဲ့သူတွေကတော့ ဒီ ၂၈ ရက်ဆိုတဲ့နေ့ကို မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာသမိုင်းရဲ့ အဆိုးဝါးဆုံး ငလျင်အဖြစ်နဲ့ရော၊ အဆိုးဝါးဆုံး ရွေးကောက်ပွဲအဖြစ်နဲ့ပါ သတိရနေကြမှာပါ။



