မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မြင်းခြံမှာ ဖမ်းမိတဲ့ ပျူ အမျိုးသမီး သုံးယောက်ကို ဆေးဝါး ကုသပေးကာ ထိန်းသိမ်းထား၊

MN/MFP၊ ဒီဇင်ဘာ – ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စု လက်အောက်ခံ သီတယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး သုံးယောက်ကို ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးကာ ထိန်းသိမ်းထားတယ်လို့ ထနောင်းမြေ စစ်ကြောင်းက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၇ရက်က မြင်းခြံမြို့အစွန်မှာ ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် PDF အမှတ်(၁) တပ်ရင်းတို့ ပူးပေါင်းကာ ကင်းပုန်းဝပ် စောင့်ဆိုင်းနေချိန် မြို့တွင်းက ထွက်လာတဲ့ ပျူစောထီး အမျိုးသမီးသုံးယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းမိထားတဲ့ ပျူ သုံးယောက်ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေသလို ဖမ်းဆီးချိန်မှာ ရရှိတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသပေးနေတယ်လို့ ထနောင်းမြေ စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က မြို့ထဲကနေ ထွက်လာတာ။ ကျွန်တော်တို့က ကင်းပုန်းဝပ်စောင့်နေတာဗျ။ သူတို့က လက်နက်ကတော့ ပါမလားပါဘူး။ လက်ရှိကတော့ ကျွန်တော်တို့ မေးမြန်းနေဆဲ ဖြစ်သလို သူတို့ကို ဆေးဝါး ကုသပေးနေပါတယ်ဗျ”

ဖမ်းမိထားတဲ့ ပျူ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံ ထုတ်ပြန်မယ်လို့လည်း ထနောင်းမြေ စစ်ကြောင်းက ဆိုပါတယ်။

မြင်းခြံနယ်အခြေပြု သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဟာ အခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီး ၄၀ ကျော်ကို ပျူအဖွဲ့ဝင်တွေအဖြစ် ပထမဆုံးအကြိမ် စစ်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြင်းခြံမြို့ပေါ်မှာ စစ်အုပ်စုက လူငယ် အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး အမျိုးသမီးတွေကိုတော့ ပျူအဖွဲ့ဝင်အဖြစ် သွတ်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မြင်းခြံနယ်က သီတာယုမွန် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အာဏာသိမ်းမှု ထောက်ခံတဲ့ ကျေးရွာတွေရှိ ဒေသခံတွေကို စစ်သင်တန်းပေး၊ လက်နှက်ထုတ်ပေးကာ ပျူစောထီး အဖွဲ့အဖြစ် ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ပျူအဖွဲ့တွေကို စစ်အုပ်စုနဲ့အတူ ဒေသတွင်း စစ်ကြောင်းထိုးရာမှာ အတူပါဝင်စေပြီး အိမ်မီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်ခွင့်ပေးကာ ခိုးရာပါ ပစ္စည်းတွေကို စစ်အုပ်စုနဲ့ပျူတွေ ခွဲဝေရယူနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

လက်ရှိမှာ သီတာယုမွန်ပျူအဖွဲ့က စစ်အုပ်စုရဲ့ ထောက်ပံ့ပေးမှုနဲ့အတူ အင်အား ပိုမို များပြားလာပြီး အမျိုးသမီးတွေကိုပါ ပျူအဖွဲ့ထဲ ခေါ်သွင်းထားတာလို့ ဆိုပါတယ်။

မြင်းခြံမှာ ဖမ်းမိတဲ့ ပျူ အမျိုးသမီးတွေနဲ့ ပြီးခဲ့တဲ့ လပိုင်းက အမျိုးသမီးတချို့ကို ပျူသင်တန်း ပေးနေစဉ်/Photo – ထနောင်းမြေ၊ စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button